မိုးညှင်း ဩဂုတ် ၂၇
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ပင်းဟဲကျေးရွာအုပ်စု တောင်သူဦးကျော်လင်းဦး၏ လယ်မြေတွင် စူပါအီးအမ်ဘိုကာရှီပြုလုပ်နည်းနှင့် ကြဲပက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းသရုပ်ပြသခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းသရုပ်ပြသရာတွင် ပင်းဟဲကျေးရွာအုပ်စု ကွင်းအမှတ်(၃၁၂)၊ ဦးပိုင်(၃၃)၊ တောင်သူဦးကျော်လင်းဦး၏ လယ်မြေတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင့်မျိုးကိုက သဘာဝမြေသြဇာများ ပြုလုပ်သုံးစွဲ တတ်လာစေရန်၊ ဓာတုဓာတ်မြေသြဇာများ လျော့ချသုံးစွဲလာစေရန်၊ လွယ်လင့်တကူရရှိနိုင်ပြီး ကုန်ကျစရိတ် သက်သာစေသော သဘာဝမြေသြဇာများကို ပြုလုပ်သုံးစွဲတတ်လာစေရန်နှင့် ရေရှည်တည်တံ့ပြီး လယ်ယာမြေများအတွက် အကျိုးသက်ရောက်မှုများ ပိုမိုကောင်းမွန်လာစေရန်ရည်ရွယ်၍ ကွင်းသရုပ်ပြသရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ၎င်းရောစပ်ထားသည့် စူပါအီးအမ်ဘိုကာရှီ သဘာဝမြေဩဇာများကို မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများက တောင်သူများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် မြေဩဇာကြဲပက်ကြခြင်းကို ကွင်းသရုပ်ပြသခဲ့ကြောင်း သိရသည်။
ထို့နောက် ကွင်းသရုပ်ပြသပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကို၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်မိုးထွန်း၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ စက်မှုစိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်းမှ စိုက်ပျိုးရေးပညာ ဘာသာရပ်ဖြစ်သည့် ကျောင်းသား/ ကျောင်းသူများနှင့် တောင်သူများအား တက်ရောက်လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နိုက်ထရိုဂျင်ဓာတ်ပါသော မြေဩဇာများကိုထည့်သွင်း အသုံးပြုရာတွင် ရေနှင့်အတူ စီးဆင်းပျောက်ဆုံးခြင်းများ၊ လေထုအတွင်းသို့ အငွေ့ပြန်ပျောက်ဆုံးခြင်းနှင့် စိမ့်ရေနှင့်အတူ မြေထုအတွင်းသို့ စိမ့်ဆင်းဝင်ရောက်ပျောက်ဆုံးခြင်းများ စသည့်လေလွင့်ပျောက်ဆုံးမှုများ ဖြစ်ပေါ်နိုင်သည့်အတွက် သဘာဝမြေဩဇာများနှင့် ရောစပ်အသုံးပြုနိုင်ရေးအတွက် စူပါအီးအမ်ဘိုကာရှီပြုလုပ်နည်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရွှေမိုးညှင်း(ပြန်/ဆက်)