ပေါင် ဩဂုတ် ၂၇
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြန်မာ့သိုင်းသင်တန်းဆင်းပွဲကို (အ.ထ.က) ဇင်းကျိုက်၊ ရတနာမွန်ခန်းမ၌ ယမန်နေ့နေ့လယ် (၁)နာရီက ကျင်းပခဲ့သည်။
သင်တန်းတွင် ဇင်းကျိုက်မြို့အုပ်ချုပ်ရေးမှူး ဦးဝေတိုးအောင်က ယခုလိုသိုင်းသင်တန်းများ ဖွင့်လှစ်ရခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး ထူးချွန်ထက်မြက်သော လူရည်ချွန်များပေါ်ထွက်လာအောင် ဆောင်ရွက်ပေးသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးသီတာအောင်က မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမည်ဆိုသည့် ဆောင်ပုဒ်အတိုင်း အားကစားကို ကြိုးစားသင်ယူပေးခဲ့သည့်အတွက် ထူးချွန်သည့် သင်တန်းသားများအား မြို့နယ်အဆင့်၊ ပြည်နယ်အဆင့်မှ နိုင်ငံတော်ကိုကိုယ်စားပြုသည့်အထိ ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းအကျိုးတော်ဆောင် ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးအောင်မင်းနိုင်က ကျေးဇူးတင်စကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများက မိမိတို့သင်ယူတက်မြောက်ထားသည့် သိုင်းကွက်များဖြင့် သရုပ်ပြသခဲ့သည်။ အဆိုပါ သိုင်းသင်တန်းဖွင့်လှစ်ရာတွင် သင်တန်းဆရာ (၄)ဦးက သင်တန်းသား၊ သင်တန်းသူ (၇၇)ဦးအား (၁၆) ရက်ကြာ သင်ကြားပြသခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)