မိတ္ထီလာ သြဂုတ် ၂၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ ရိုးရာရက်ကန်းပညာများ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးအတွက် ချည်မျှင်နှင့် အထည်အလိပ် ကျွမ်းကျင်သူသင်တန်းနှင့် လက်ရက်ကန်းသင်တန်းများအား စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ ညောင်ဦးခရိုင်များရှိ မြို့နယ်များမှ ဒေသခံပြည်သူများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေပြီး လုပ်ငန်းရှင်များ အတက်ပညာရှင်များအဖြစ် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ပြီး အိုးမကွာ အိမ်မကွာ ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်ရန်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ တိုးပွားလာစေရန်နှင့် တစ်ဦးချင်း ဝင်ငွေတိုးပွားလာ ပြီး မိသားစုဝင်ငွေကို အထောက်အကူဖြစ်စေ၍ လူမှု့ဘဝဖွံ့ဖြိုးတိုးတက်စေကာ ဆင်းရဲမှု လျော့ချရေးတို့အတွက် ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း(မိတ္ထီလာ)မှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပညာရပ်များကို နှစ်စဉ် အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ ထိုသို့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သင်တန်းကျောင်း (မိတ္ထီလာ)တွင် ချည်မျှင်နှင့်အထည်အလိပ် ကျွမ်းကျင်သူ တစ်နှစ်သင်တန်းနှင့် လက်ရက်ကန်း ခြောက်လသင်တန်းတို့အပြင် ကာလတိုသင်တန်းများဖြစ်သည့် စက်မောင်းစက်ပြင် သင်တန်း၊ အခြေခံစက်ချုပ်သင်တန်း၊ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း၊ အခြေခံ သံဂဟေဆက်နည်းပညာသင်တန်း၊ သစ်သီးဝလံ အခြေခံစားသောက်ကုန်သင်တန်းနှင့် လူသုံးကုန် ထုတ်လုပ်မှု နည်းပညာ သင်တန်းတို့ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ယင်းတို့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာမှ ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်းကို ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလအကုန်အထိ၊ လက်ရက်ကန်း ခြောက်လသင်တန်းကို ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လအကုန်အထိနှင့် ဇူလိုင်လ ၁ ရက်နေ့မှ ဒီဇင်ဘာလအကုန်အထိ တစ်နှစ် နှစ်ကြိမ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်းကို သင်တန်းသား သင်တန်းသူ ၁၀ ဦးနှင့် လက်ရက်ကန်း ခြောက်လသင်တန်း (ဒုတိယအကြိမ်)ကို သင်တန်းသား သင်တန်းသူ ၉ ဦးတို့ဖြင့် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအချိန်အထိ ချည်မှ အထည်ဖြစ်သည်အထိ ထုတ်လုပ်မှုအဆင့်အဆင့်၊ မိမိလိုချင်သော အရောင်အရည်အသွေး ရရှိစေရန် ဖန်တီးမှု၊ တိုင်းရင်းသား ရိုးရာဂျပ်ခုတ်ထည်ရက်လုပ်မှုများကို စက်ရက်ကန်းစင်၊ လက်ရက်ကန်းစင်၊ ဂျပ်ခုတ်စင်များ အသုံးပြု၍ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိသည်။ ၎င်းအပြင် သင်တန်းသား သင်တန်းသူများအား အခြေခံ စက်ချုပ်နည်းပညာသင်တန်းကိုလည်း တွဲဖက်၍ သင်ကြားပေးလျက်ရှိသည်။
အဆိုပါ ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်းနှင့် လက်ရက်ကန်း ခြောက်လ သင်တန်းများတွင် သင်တန်းတက်ရောက်သူများအနေဖြင့် အသက် ၁၆ နှစ်မှ ၂၅နှစ်အတွင်း အိမ်ထောင်မရှိသူဖြစ်ရမည့်အပြင် ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်း တက်ရောက်လိုသူများမှာ အလယ်တန်းအောင်ရမည်ဖြစ်ပြီး လက်ရက်ကန်း ခြောက်လသင်တန်း တက်ရောက်သူများမှာ မူလတန်းအောင်မြင်ရမည်ဖြစ်သည်။ သင်တန်းတက်ရောက်နေစဉ် ကာလအတွင်း ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းရှိ အဆောင်တွင် အခမဲ့ နေထိုင်ခွင့်ပြုသည့်အပြင် ပညာသင်ထောက်ပံ့ကြေး တစ်လလျှင် ငွေကျပ် ၃၀၀၀၀နှင့် သင်တန်းသုံး ကုန်ကြမ်းပစ္စည်းများကို ထောက်ပံ့ပေးလျက်ရှိသည်။ ၎င်းအပြင် သင်တန်းတက်ရောက်ပြီးပါက နိုင်ငံတော်ပိုင်/ ပုဂ္ဂလိကပိုင် ချည်မျှင်နှင့် အထည်အလိပ်စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရန်နှင့် ကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်သည့်အထိ ကူညီပံ့ပိုးပေးလျက်ရှိကြောင်း ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းတင်ထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)