မြစ်ကြီးနား ဩဂုတ် ၂၇
ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွာ၍ ဘက်စုံဖွံ့ဖြိုးစေရန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ လေ့ကျင့်ရေးအလယ်တန်းကျောင်းခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြစ်ကြီးနားခရိုင်ဦးစီးမှူး ဦးကျော်ထက်က ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားကာ ကချင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာကြီးကိုကို(ကသာ)က ကျောင်းသား/သူ လူငယ်လူရွယ်များ၏ အနာဂတ်ဘဝလှပစေရေးအတွက် "အနာဂတ် အတွက်စာဖတ်ပါ" ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး မြစ်ကြီးနားခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးနိုင်က ကျောင်းသား/သူများ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရေး အားကစားနှင့် ပတ်သက်သည့်များအား အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ကျောင်းသား/သူများက သိရှိလိုသည်များအား မေးမြန်းကြရာ စာရေးဆရာအကြီး ကိုကို(ကသာ)နှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လေ့ကျင့်ရေးအလယ်တန်းကျောင်း အတွက် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်သူနှင့် တာဝန်ရှိသူများက အားကစားပစ္စည်းများနှင့် သုတရသစာအုပ်များ လှူဒါန်းပေးအပ်ကာ အမှတ်တရမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါဟောပြောပွဲနှင့်အတူ မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ/ရသစာအုပ် စာစောင်များအား ခင်းကျင်းပြသထားရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)