မိတ္ထီလာမြို့နယ်တွင် မိုးစပါးများ စိုက်ပျိုးနိုင်ရေး ဆည်ရေကန်ရေများ စတင်လွှတ်ပေး

မိတ္ထီလာ သြဂုတ် ၂၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် မိုးစပါးများ စိုက်ပျိုးနိုင်ရေး ဆည်ရေကန်ရေများကို သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ လွှတ်ပေးလျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ဝမ်းစာဖူလုံရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၏ ကြီးကြပ်ထိန်းသိမ်းမှုအောက်ရှိ ဆည်တမံကန်များဖြင့်  မိုးစပါးများကို နှစ်စဉ်စိုက်ပျိုးလျက်ရှိသည်။ ယင်းသို့ စိုက်ပျိုးလျက်ရှိရာ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်၌  မိုးစပါးများကို ဆည်ရေကန်ရေဖြင့် စိုက်ပျိုးသွားရန် မိတ္ထီလာကန်ရေဖြင့် ၂၅၅၀ ဧက၊ မုန်တိုင်ဆည်ရေဖြင့် ၃၃၃ ဧက၊ ချောင်းကောက်ဆည်ရေဖြင့် ၁၂၅၆ ဧက၊ မြင်တော်ကန် ကန်ရေဖြင့် ၁၁၃ ဧက၊ ညောင်ကုန်းဆည်ရေဖြင့်  ၁၄၅ ဧက ၊ လက်ခုပ်ပံဆည်ရေဖြင့်  ၁၆၄ ဧက ၊ ရှမ်းမငယ်ဆည်ရေဖြင့် ဧက ၄၉ တို့ကို  စိုက်ပျိုးနိုင်ရန် သတ်မှတ်လျားထားပြီး ၎င်းမိုးစပါးများ စိုက်ပျိုးနိုင်စေရန် ဆည်တမံကန်များမှ စိုက်ပျိုးရေများကို သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ လွှတ်ပေးလျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

မိတ္ထီလာမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် မိုးစပါးကို ဆည်ရေ ၊ ကန်ရေ သောက်စနစ်ဖြင့်  ပျိုးထောင်စိုက်ပျိုးသည့်စနစ်၊ တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးသည့် စနစ်များဖြင့် စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရာတွင်လည်း အထွက်နှုန်းကောင်းသည့် မျိုးစပါးများကို အဓိက ရွေးချယ်စိုက်ပျိုးလျက်ရှိရာ ယမန်နှစ်က မြို့နယ်အတွင်းရှိ ဆည်များ၊ ကန်များဖြင့် မိုးစပါးစိုက်ဧက ၅၄၅၆ ဧက  စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)