ပေါင်မြို့နယ်၌ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များစွာပေါ်ထွက်လာစေရေးရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

ပေါင်       ဩဂုတ်        ၂၆

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လယ်(၁)နာရီက ပေါင်မြို့နယ် အ.ထ.က(ကျွဲခြံ)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လူငယ်စကားဝိုင်းတွင် ဒုတိယမြို့နယ်ပညာရေးမှူးဦးညွှန့်တင်က အဖွင့်အမှာစကားပြောကြားပြီး ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်ဇာစိုးက လူငယ်များအား စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွက်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များ တိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင်လုပ်ဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိဒေါ်တင်ဇာစိုးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူးဒေါ်အေးသီတာအောင်တို့က Moderator အဖြစ်ဆောင်ရွက်ပြီး အ.ထ.က(ကျွဲခြံ)ကျောင်းမှ Grade–11 ကျောင်းသူမရတနာဦးက “လူငယ်နှင့်မူးယစ်ဆေးဝါး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူမဂျူးဂျူးမောင်က  “လူငယ်နှင့်ကိုယ့်ကျင့်တရား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူမဆုဆုသင်းက “လူငယ်နှင့်ယဥ်‌ကျေးမှု”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသားမောင်သက်ပိုင်ဦးက “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသားမောင်ဆန်းသစ်ဦးက   “လူငယ်နှင့်ကျန်းမာ‌ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင်ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည့် မေးခွန်းများကိုမေးမြန်းရာ Moderator ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်ဇာစိုး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူးဒေါ်အေးသီတာအောင်နှင့် ဆရာမဒေါ်ကြည်ကြည်ဝေတို့ကအသီးသီးက ပြန်လည်ဖြေကြားပေးခဲ့သည်။

ယနေ့ကျင်းပသော လူငယ်စကားဝိုင်းသို့ အ.ထ.က(ကျွဲခြံ)ကျောင်းမှ ဆရာ/ဆရာမများ အပါအဝင် ကျောင်းသား၊ ကျောင်းသူ(၂၅၀) ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် ( ပြန်/ဆက် )