မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတိုင်းရင်းသားဘာသာ စာပေသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ (၂/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်

မော်လမြိုင် သြဂုတ် ၂၆

တိုင်းရင်းသားဘာသာ စာပေသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ (၂/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို သြဂုတ် ၂၅ ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ပညာညီလာခန်းမတွင် ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သင်ကြားရေး ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်သည်။

ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နိုင်ငံတော်တည်ဆောက်ရေးအတွက်အရေးပါတဲ့ ပညာရေးကဏ္ဍမှာ တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများကလည်း တစ်ဖက်တစ်လမ်းက အထောက်အကူပြုပေးနေတဲ့ အင်အားများဖြစ်ပါကြောင်း၊ တိုင်းရင်းသား ဘာသာစာပေသင် ဆရာ၊ ဆရာမများကလည်းလက်ရှိ သင်ကြားနေတဲ့ ဘာသာစာပေသင်ကြားနည်းများကို ယခု သင်တန်းက ပို့ချလိုက်တဲ့ အရည်အသွေးမြှင့်စွမ်းရည်များနဲ့ပေါင်းစပ်ပြီး မိမိတို့တိုင်းရင်းသားဘာသာစာပေများရဲ့ အနာအကြား၊ အပြောအဆို၊ အဖတ်အရွတ်၊ အရေးအသား စွမ်းရည်များတိုးတက်အောင် သင်ကြားပေးနိုင်ဖို့ လိုအပ်ပါကြောင်း ၊မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍမှာ အဓိကမဏ္ဍိုင်ဖြစ်တဲ့ အခြေခံပညာ ကျောင်းများမှာ တိုင်းရင်းသားဘာသာ စာပေသင်ကြားပို့ချပေးနေတဲ့ ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူပြု ဆွေးနွေးပွဲကိုမွန်ပြည်နယ်မှာ ဒုတိယအကြိမ် သင်တန်းပို့ချပေးနိုင်ခဲ့ တဲ့အတွက် အထူးပဲ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ မွန်ပြည်နယ်ဟာ ပညာရေးအဆင့်အတန်းမြင့်မားတဲ့ ပြည်နယ်ဖြစ်သလို စီးပွာရေးအရအချက်အချာကျတဲ့ ဒေသတစ်ခုဖြစ်ကာတ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တဲ့အပြင် ဆိပ်ကမ်းမြို့တစ်မြို့ လည်းဖြစ်ကြောင်း၊ စက်မှုလက်မှုလုပ်ငန်းများထွန်းကားပြီး ဒေသ ထွက်ကုန်များလည်းပေါများလှတဲ့ ပြည်နယ်တစ်ခုလည်း ဖြစ်ကြောင်း၊မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍမှာ အဓိကမဏ္ဍိုင်ဖြစ်တဲ့ အခြေခံပညာကျောင်းများမှာ တိုင်းရင်းသားဘာသာစာပေ သင်ကြားပို့ချပေးနေတဲ့ ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ၌ ဆရာ၊ ဆရာမ (၁၆၀)ဦးကိုသင်တန်း ပို့ချပေးနိုင်ခဲ့ တဲ့အတွက် အထူးပဲဂုဏ်ယူဝမ်းမြောက်မိ ပါကြောင်းဖြင့်ပြောကြားသည်

ထို့နောက် မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးက သင်တန်းဆင်း နှုတ်ခွန်းဆက်စကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များကို ပြည်နယ်ဝန်ကြီးချုပ် ၊ တိုင်းမှူးနှင့် ပြည်နယ်စီးပွားရေးရာဝန် ကြီးတို့ကပေးအပ်ရာ သင်တန်းသူ သင်တန်းသားများက လက်ခံရယူကြသည်။

ဆက်လက်၍ သင်တန်းသားသင်တန်းသူများက “မွန်လူငယ်များနေ့” သီချင်းနှင့် "စည်းလုံးခြင်းသည်အင်အား"သီချင်းတို့ဖြင့်ကပြ ဖျော်ဖြေတင်ဆက်နေမှုကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများကကြည့်ရှုအားပေးကာ တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေး စကားပြောကြားသည်။

အဆိုပါ တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲကို သြဂုတ် ၁၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ ဖွင့်လှစ် သင်ကြားဆွေးနွေးခဲ့ပြီး သင်တန်းသားသင်တန်းသူ (၁၆၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)