မန္တလေး ဩဂုတ် ၂၆
နိုင်ငံတကာအနုပညာဗဟိုဌာန(မန္တလေး) အဆောက်အအုံ လက်ခံရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ သုံးထပ်ဆောင်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အဆောက်အအုံလက်ခံရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးရဲတင့် တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ နိုင်ငံတကာအနုပညာဗဟိုဌာန(မန္တလေး) အဆောက်အအုံ လက်ခံရေးအဖွဲ့ အဖွဲ့ဝင်များ၊ အရည်အသွေး စံချိန်စံညွှန်း စိစစ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သဘောတူစာချုပ်ပါ လုပ်ငန်းများစိစစ်ရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတကာအနုပညာဗဟိုဌာန(မန္တလေး) အဆောက်အအုံ လက်ခံရေးအဖွဲ့ ဥက္ကဌ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတကာအနုပညာဗဟိုဌာနကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် တစ်ခုစီဆောက်လုပ်ခဲ့ရာ အကြမ်းထည်များ ပြီးစီးနေပြီဖြစ်ကြောင်း ၎င်းဆောက်လုပ်ဆဲ ရန်ကုန်မြို့မှ အဆောက်အအုံကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက လည်းကောင်း၊ မန္တလေးမြို့မှ အဆောက်အအုံကို ပြန်ကြားရေးဝန်ကြီးဌာနကလည်းကောင်း လက်ခံရယူပြီးစီးအောင် ဆက်လက်ဆောင်ရွက်သွားရန်ရှိကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနက လွှဲပြောင်းလက်ခံရာတွင် အရည်အသွေး စံချိန်စံညွှန်း စိစစ်ရေးအဖွဲ့အနေဖြင့် တည်ဆောက်ထားသည့် အဆောက်အအုံ၏ ဒီဇိုင်း၊ အတိုင်းအတာနှင့် အသုံးပြုထားသည့် ဆောက်လုပ်ရေးပစ္စည်းများသည် မူလစာချုပ်ပါ ဒီဇိုင်းနှင့် လျာထားချက် ငွေများအတိုင်း တိကျမှန်ကန်စွာ ဆောင်ရွက်ထားခြင်း ရှိ/မရှိ၊ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများအတိုင်း တည်ဆောက်ထားခြင်း ရှိ/မရှိ လက်ခံရန် လိုအပ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများတွင် အရည်အသွေး စိစစ်ရေးအဖွဲ့အဆင့်ဆင့် စစ်ဆေးဆောင်ရွက်ထားမှု ရှိ/မရှိ စိစစ်ပေးကြရန် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ သဘောတူစာချုပ်ပါ လုပ်ငန်းများ စိစစ်ရေးအဖွဲ့အနေဖြင့် သဘောတူစာချုပ်ပါ စည်းကမ်းများအတိုင်း ငွေပေးချေထားမှု အခြေအနေများ ထုတ်ယူရရှိသည့် ငွေကြေးများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကုမ္ပဏီက နိုင်ငံတော်သို့ အခွန်ပေးဆောင်မှု အခြေအနေ လုပ်ငန်းများ သတ်မှတ်ချိန်အတွင်း ပြီးစီးမှု ရှိ/မရှိ၊ ပြီးစီးမှု မရှိပါက မည်သည့်အကြောင်းကြောင့် ကျန့်ကြာမှု ရှိခဲ့သည်တို့ကို စိစစ်ပေးကြစေလိုကြောင်း၊ ၎င်းစိစစ်မှုများ ပြီးစီးမှသာအဆောက်အအုံကို အမြန်ဆုံး လွှဲပြောင်းလက်ခံနိုင်မှာ ဖြစ်ကြောင်း၊ လွှဲပြောင်းလက်ခံပြီးအဆောက်အအုံ ပြီးစီးအောင် ဆက်လက်ဆောက်လုပ်ရမည့် လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့ပါ၍ စိစစ်ရေးအဖွဲ့များအနေဖြင့် တိတိကျကျ မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် စိစစ်ပေးကြစေလိုကြောင်းနှင့် လက်ခံပြီးပါက တည်ဆောက်ရေးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန၊ အမြဲတန်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ အတွင်းရေးမှူး ဦးအေးကြွယ်တို့က ဆက်လက်ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးကြသည်။ ၎င်းနောက် ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အဆောက်အအုံ လက်ခံရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းပေါ်ရှိ နိုင်ငံတကာ အနုပညာဗဟိုဌာန(မန္တလေး) အဆောက်အအုံကို သွားရောက်ကြည့်ရှုစစ်ဆေးကြကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)