မောက်မယ်မြို့နယ်တွင် နွေစပါးအစားထိုးစိုက်ပျိုးခဲ့သည့် နွေပဲပုတ်များစတင်ရိတ်သိမ်း

မောက်မယ်       သြဂုတ်   ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဖြန့်ဖြူးပေးသည့် ရေဆင်း−၁၅ မျိုးပဲပုတ်သီးနှံများကို နွေစပါးအစားထိုးစိုက်ပျိုးခဲ့ရာ ယမန်နေ့တွင် စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း ပဲပုတ်စိုက်တောင်သူများထံမှသိရသည်။

အဆိုပါနွေပဲပုတ်သီးနှံများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် စနစ်တကျ စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး သီးနှံ၏ သက်တမ်းမှာ ရက်(၉၀)မှရက်(၁၀၀)အတွင်းဖြစ်ပြီး သက်တမ်းတိုသော်လည်း အထွက်နှုန်းကောင်းမွန်သဖြင့် ယခုနှစ်တွင် တောင်သူများ တွင်တွင်ကျယ်ကျယ် စိုက်ပျိုးလာကြခြင်းဖြစ်သည်။  

မောက်မယ်မြို့နယ်သည် စိုက်ပျိုးရေများအဆင်ပြေသည့်အပြင် စိုက်ပျိုးမြေသည်လည်း ကောင်းမွန်သောကြောင့်  နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ် ထွန်းသည့်မြို့တစ်မြို့ဖြစ်သည်။ ပဲပုတ်သီးနှံများစိုက်ပျိုးရာတွင် သတ်မှတ်လျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်းကောင်းမွန်စေရန်အတွက် စိုက်နည်းစနစ်များ မှန်ကန်စေရန်၊ စိုက်ပျိုးရေးသုံး သွင်းအားစုပစ္စည်းများ အချိုးကျမှန်ကန်စွာ သုံးတတ်စေရန်နှင့် ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးဆောင်ရွက်ရန် နည်းလမ်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံကွင်းဝန်ထမ်းများက နယ်မြေကွင်းဆင်းပြီး ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပဲပုတ်စိုက် တောင်သူများထံမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)