မိုးနဲမြို့နယ်၌ မိုးသီးနှံမြေပဲ မျိုးသန့်ပွားစိုက်ခင်း စံကွက်ရိတ်သိမ်း

မိုးနဲ ဩဂုတ် ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် စိုက်ပျိုးခဲ့သည့် လွိုင်ချိုကျေးရွာအုပ်စု၊ လွယ်ယုကာကျေးရွာတွင် တောင်သူဦးပုည၏ မိုးသီးနှံမြေပဲစံပြစိုက်ခင်းကို ဩဂုတ် ၂၄ ရက်၊ နံနက် ၈ နာရီအချိန်က ရိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တစ်ဧကအထွက်နှုန်းတိုးတက်ရေးနှင့် သီးနှံအရည်အသွေးတိုးတက် ရေးအတွက် တောင်သူဦးပုည စိုက်ပျိုးထားသော ထွက်နှုန်းကောင်း မကွေး-၁၆ နှင့်ဆင်းပဒေသာ-၁၁ စမ်းသပ်စိုက်ခင်း နှစ်ဧကအား ကောင်း/သင့်/ညံ့ ခွဲ၍ စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကပျမ်းမျှ အထွက်နှုန်းမှာ ၇၀ တင်းထွက်ရှိပြီး စံကွက်ရိတ်သိမ်းရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦး‌ဇော်မော်ဦးနှင့်ကွင်းတာဝန်ခံများ ကကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။

မိုးနဲမြို့နယ်တွင် ဆီရိက္ခာဖူလုံရေးအတွက် ပန်းနှမ်း၊ မြေပဲ၊ နေကြာသီးနှံတို့ကို စိုက်ပျိုးလျက်ရှိရာ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်တွင် မိုးမြေပဲကို ၄၄၀ ဧက စိုက်ပျိုးထားကြောင်း သိရသည်။

မျိုးညွန့်ရွှေ( မိုးနဲ )