တာချီလိတ် ဩဂုတ် ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာချီလိတ်မြို့ရှိ အ.လ.က(ခွဲ)တာလော့ကျောင်းနှင့် အ.ထ.က(ခွဲ)ပုန်းထွန်ကျောင်းတို့တွင် ကျောင်းသူ/ ကျောင်းသားများအား သဘာဝဘေးနှင့်စပ်လျဉ်း၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်းနှင့် သရုပ်ပြခြင်းများကိုယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် တာချီလိတ်မြို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန့်ပေါ်လင်းနှင့် ဦးစီးမှူးဒေါ်နန်းမွှေးမွှေးခင်တို့က ငလျင်ဘေး၊ မုန်တိုင်းအန္တရာယ်၊ ရေကြီးခြင်း၊ မြေပြိုခြင်း စသည့်သဘာဝဘေး အန္တရာယ်များဖြစ်ပေါ်လာနိုင်သည့် အခြေအနေများ၊ ဘေးအန္တရာယ် မဖြစ်ပွားမီနှင့် ဖြစ်ပွားနေစဥ်အချိန်၊ ဖြစ်ပွားပြီးနောက်ပိုင်းအခြေအနေများတွင် ပြုမူနေထိုင်ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဥ်နေထိုင်ရမည့် အနေအထားအား ကျောင်းသား/ကျောင်းသူလေးများအား လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။
ယင်းနောက် အခြေခံပညာကျောင်းများအတွက် လက်သန့်ဆေးများ၊ တစ်ခါသုံးလက်အိတ်များ၊ Mask များ၊ ဆပ်ပြာခဲများ၊ သန့်စင်ဆေးဘူးများပေးအပ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာသိမှတ်ဖွယ်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
အေးအေးလတ်