ကျိုင်းတုံ ဩဂုတ် ၂၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ဝါးလက်မှု ထုတ်လုပ်မှု နည်းပညာသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ကျိုင်းတုံမြို့နယ်၊ ယန်းကျိန်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
ဦးစွာ တာချီလိတ်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကိုကိုသက်က ပြည်သူလူထု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စက်မှုလက်မှု လုပ်ငန်းများအား မြှင့်တင်ပေးခြင်း၊ နည်းပညာပံ့ပိုးပေးခြင်းဖြင့် တစ်ပိုင်တစ်နိုင် စီးပွားရေးကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်လာနိုင်ပြီး မိသားစုဝင်ငွေတိုးပွားရှိစေကာ အလုပ်အကိုင် အခွင့်အလန်းများ ရရှိစေရေးတို့အတွက် ဝါးလက်မှုထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၁၅ ဦး တက်ရောက်ပြီး ဝါးဖြင့် သစ်သီးထည့်ခြင်း၊ စားပွဲ၊ ကုလားထိုင်၊ နာရီ၊ Tissue Box၊ ပန်းခြင်း၊ ခမောက် စသည့် ဝါးလက်မှုထုတ်လုပ်မှုနည်းပညာ (၁၄)မျိုးကို ပထမအကြိမ် အခြေခံသင်တန်းကာလ ၁၅ ရက်နှင့် ဒုတိယအကြိမ် အဆင့်မြင့်သင်တန်းကာလ ၇ ရက် စာတွေ့လက်တွေ့ သင်ကြား ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
သင်တန်းတွင် လုပ်ငန်းထူထောင်လိုသူ ထူးချွန်သင်တန်းသားငါးဦးအား လုပ်ငန်းသုံးပစ္စည်း ၁၉ မျိုးကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)