စစ်တွေ ဩဂုတ်၂၆
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဝါတွင်းကာလ လပြည့်နေ့မတိုင်မီအဖိတ်နေ့များတွင် ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်တွေမြို့၊ ဦးဥတ္တမခန်းမအား အကြီးစားပြန်လည်ပြုပြင်နေမှုကိုသွားရောက် ကြည့်ရှုစစ်ဆေးကြရာ ဆောက်လုပ်ရေးကုမ္ပဏီတာဝန်ခံက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က စစ်တွေမြို့၏အချက်အချာကျ သောနေရာတွင်တည်ရှိသောခန်းမဖြစ်ပြီး နိုင်ငံတော်အဆင့်၊ ပြည်နယ်အဆင့်အခမ်းအနားများ ကျင်းပ ရာခန်းမဖြစ်သည့်အတွက် ခေတ်မီဆန်းသစ်ပြီး ရခိုင်ယဉ်ကျေးမှုလက်ရာများဖြင့် သတ်မှတ်ဒီဇိုင်းအတိုင်း စံချိန်စံညွှန်းနှင့်အညီသတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်သွားကြရန် မှာကြားကာ ခန်းမပြုပြင်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)သို့သွားရောက်ပြီး တက္ကသိုလ်ခန်းမ၌ တက္ကသိုလ်ဒုတိယပါမောက္ခချုပ်ဒေါက်တာဇော်ထွန်းက ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တက္ကသိုလ်ပင်မဆောင်နှင့် ဝန်ထမ်းအိမ်ရာများ ပြုပြင်နေမှု၊ ပြုပြင်ပြီးစီးမှုများ၊ ဘဏ္ဍာရေးနှစ်အလိုက် ကျောင်းသား၊ ကျောင်းသူဆောင်များ ဆောက်လုပ်မည့် အစီအမံများ၊ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုနှင့် ကျောင်းတွင်း အားကစားပြိုင်ပွဲများ ကျင်းပခဲ့မှုများအားပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က မိုခါမုန်တိုင်းမတိုက်ခတ်မီ ကြိုတင်ကာကွယ်ရွှေ့ပြောင်းရေးတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ များလာရောက်ခိုလှုံခဲ့စဉ်က ကူညီဆောင်ရွက်ခဲ့မှုအပေါ်တွင်လည်း ဆရာကြီးနှင့်တကွ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများကိုကျေးဇူးတင်ကြောင်း၊ တက္ကသိုလ်မှလည်း မိမိတို့အစိုးရအဖွဲ့သို့နည်းပညာပိုင်း မှအစ ကွန်ပျူတာနှင့်ပတ်သက်သည့်ကိစ္စရပ်များတွင် ကူညီပေးမှုများရှိနေ သည်ကိုလည်းတွေ့ရ ကြောင်း၊ အစိုးရအဖွဲ့အနေဖြင့် လိုအပ်ချက်အရအချို့လုပ်ငန်းများတွင် တာဝန်ပေးခြင်းများလည်း ရှိသည့်အတွက် မိမိတို့နှင့်အတူ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ ကျောင်းနှင့်ပတ်သက်၍ လိုအပ်ချက်များရှိပါကလည်း တင်ပြပေးကြစေလိုကြောင်း၊ ကွန်ပျူတာပညာရပ်သည် လက်တွေ့နယ် ပယ်တွင် လက်တွေ့အသုံးချလုပ်ကိုင်နေသည့် ပညာရပ်ဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူ များအား စနစ်တကျဖြင့် စေတနာထားကာ သင်ကြားပို့ချပေးကြစေလိုကြောင်း၊ ထို့ပြင် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဗလငါးတန်နှင့်ပြည့်စုံသူများဖြစ်အောင် လိုအပ်သည်များကို ပူးပေါင်းဆောင် ရွက်ကာ အနာဂတ်၏ သားကောင်းရတနာများ အနာဂတ်တွင်တိုင်းပြည်တာဝန်ကိုပခုံးပြောင်း တာဝန် ထမ်းဆောင်နိုင်သူများဖြစ်အောင် အစစအရာတွင်လိုအပ်ချက်နည်းနိုင်သမျှ နည်းအောင်သင်ကြား ပို့ချပေးကြစေလိုကြောင်းပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက္ကသိုလ် အတွင်းလှည့်လည်ကြည့်ရှုကာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုကို ကြည့်ရှုပြီး အားပေးစကားပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၇၂)စက်မှုလယ်ယာစခန်း(စစ်တွေ)၊ မြို့နယ်ဦးစီးမှူးရုံး သို့ရောက်ရှိရာ ပြည်နယ်ဦးစီးမှူး ဦးကျော်စိုးမိုးက မိုခါမုန်တိုင်းဒဏ်သင့်ဒေသများ တွင် လယ်ယာမြေများ ထွန်ယက်စိုက်ပျိုးနိုင်ရန်အတွက်နိုင်ငံတော်မှပံ့ပိုးသည့် Mini Tractorနှင့် လက်တွန်းထွန်စက်များအား မုန်တိုင်းသင့်ဒေသများသို့ ဖြန့်ဝေကာအခမဲ့ထွန်ယက်ပေးခဲ့မှုနှင့် ဌာနပိုင် ထွန်စက်များနှင့် မြို့နယ်အလိုက်ပြုပြင်ထိမ်းသိမ်းဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ စပါးရိတ်သိမ်းခြွေ လှေ့စက်မောင်းနှင်၊ ပြုပြင်ထိန်းသိမ်းမှု(အခြေခံ)ဝန်ထမ်း သင်တန်းဖွင့်လှစ်မည့်အစီအမံများကို ရှင်း လင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကိုမှာကြားပြီး စက်ကရိယာများအား ဆေးကြောဆီဖြန်းခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ၂၀၂၃ ခုနှစ် ဝါတွင်း ကာလ လပြည့်နေ့မတိုင်မီအဖိတ်နေ့များတွင် ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းဝေးသို့တက်ရောက်ကြသည်။
အစည်းအဝေးတွင် စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပရေးဦးစီးကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ဆွမ်းဆန်စိမ်းလောင်းလှူပွဲသည် နှစ်စဉ်နှစ်တိုင်း ပြည်နယ်အစိုးရ အဖွဲ့ကကြီးမှူးကျင်းပသည့် ပွဲတစ်ပွဲဖြစ်ပြီး ယခုနှစ်တွင်လည်း လောကာနန္ဒာစေတီတော်မြတ်ကြီး အတွင်းမှာ သံဃာတော်အပါး ၅၀၀ ကို သီတင်းကျွတ်လပြည့် ဥပုသ်နေ့မတိုင်မီအဖိတ်နေ့ ၃ ရက်တွင် ၃ ကြိမ်လောင်းလှူမည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယခင်နှစ်က ဆွမ်းဆန်တော် အပါအဝင် ပစ္စည်းတန်ဖိုးကျပ် ၁၆၀၂၈၇၀ ဖိုးကိုလောင်းလှူခဲ့ပါကြောင်း၊ ယခုနှစ်တွင် မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ပြည်နယ်အတွင်းပျက်စီးဆုံးရှုံးမှုများပြားခဲ့သော်လည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ပြန်လည်တိုးတက်ကောင်းမွန်လာပြီဖြစ်သည့်အတွက် နှစ်စဉ်နှစ်တိုင်းလောင်းလှူနေသော ဝါတွင်း ကာလဆွမ်းဆန်စိမ်းလောင်လှူပွဲကို ယခင်နှစ်များကဲ့သို့ စည်းကားသိုက်မြိုက်စွာ လောင်းလှူ နိုင်ရေး ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ကော်မတီများက ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များကလည်း စေတနာရှင်၊ ကုသိုလ်ရှင်များ ပါဝင်လှူဒါန်းနိုင်ရေးကို တိုက်တွန်းစည်းရုံးဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပရေးဦးစီးကော်မတီတွဲဖက်အတွင်းရေးမှူး၊ ပြည်နယ်သာသနာရေးမှူးက စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အားလည်းကောင်း၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးများက မိမိတို့ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မည့်အစီအမံများ၊ ယခင်နှစ်များက ဆောင်ရွက်ခဲ့ရာတွင် အားသာချက်၊ အားနည်းချက်များအားလည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများနှင့် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်းသတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)