မိုင်းဆတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကဗျာရွတ်ပြိုင်ပွဲကျင်းပ

မိုင်းဆတ် ဩဂုတ် ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ယနေ့မွန်းတည့်(၁၂)နာရီက ကဗျာရွတ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင်တတ်လာစေရန်၊ ဉာဏစွမ်းရည်နှင့် ကျောင်းစာအပြင် ဗဟုသုတရရှိစေမည့် ပြင်ပစာပေများ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ကျင်းပပြုလုပ်ပေးခြင်းဖြစ်သည်။

အဆိုပါ ကဗျာရွတ်ပြိုင်ပွဲတွင် အ.ထ.က(မိုင်းဆတ်)မှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၁)ဦးမှ ကြိုက်နှစ်သက်ရာ ကဗျာခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတတိုးပွားစေရန် စာအုပ်စာစောင်များကို နယ်လှည့်ငှားရမ်းပေးခြင်း၊ အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်ခြင်း၊ ပုံပြင်ပြောခြင်း၊ စက္ကူအရုပ်ခေါက်ခြင်း၊ စာအုပ်မိတ်ဆက်ခြင်းအစီအစဉ်များနှင့် ပန်းချီပြိုင်ပွဲများ၊ အရုပ်ဆက်ပြိုင်ပွဲများ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများ၊ ကဗျာရွတ်ပြိုင်ပွဲများနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် လစဉ်ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းများနှင့် မိုင်းဆတ်မြို့နယ်အတွင်း သတင်းများ၊  ထူးခြားဖြစ်စဉ် သတင်းများကို မိုင်းဆတ်ခရိုင် ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် “နမ့်ဆတ်” Facebook Pageနှင့် တို့မှ တစ်ဆင့်လွှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)