မူဆယ် ဩဂုတ် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဒေသခံပြည်သူများနှင့်ဌာနဆိုင်ရာဝန်ထမ်းများ၏ လူမှုစီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူလျင်မြန်လာစေရန်နှင့် မြန်မာနိုင်ငံအတွင်းနေထိုင်ကြသူများကို စိစစ်နိုင်သည့် တစ်ခုတည်းသောနံပါတ် Unique ID ထုတ်ပေးရန်အတွက် ပြည်သူလူထုတစ်ဦးချင်းဆီ၏ ကိုယ်ရေးအချက်အလက်များနှင့် ဇီဝဆိုင်ရာအချက်အလက်များကို ကောက်ယူဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံး၊ အစည်းအဝေးခန်းမတွင် ဆက်လက်ကောက်ယူရန် ကျန်ရှိနေသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များကို ကောက်ယူလျက်ရှိပါသည်။
အဆိုပါ အချက်အလက်များ ကောက်ယူစစ်ဆေးရာတွင် မူဆယ်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစန်းလွင်က ကြီးမှူးဆောင်ရွက်ခဲ့ပြီး ထိုသို့အချက်အလက်များ ကောက်ယူဆောင်ရွက်ခြင်းကို ဇူလိုင်လ(၁)ရက်နေ့မှ စတင်ကောက်ယူခဲ့ခြင်းဖြစ်ကာ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ အခြေခံပညာရေးကျောင်းများမှ ကျောင်းသား/သူများနှင့် ဒေသခံပြည်သူများကို ကွင်းဆင်းကောက်ယူဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့် ဆက်လက်ကောက်ယူရန် ကျန်ရှိနေသော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လူမှုဖူလုံရေးဦးစီးဌာန၊ လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ နိုင်ငံဝန်ထမ်းများနှင့်မိသားစုဝင်များ၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ရှေ့နေများကို ကောက်ယူဆောင်ရွက်လျက် ရှိရာ တစ်ဦးချင်းဆီ၏ကိုယ် ရေးအချက်အလက်(Biographic)များဖြစ်သော နိုင်ငံသားစိစစ်ရေးကဒ်အမှတ်၊ အမည်၊ အဘအမည်၊ မွေးသက္က ရာဇ်၊ ကျား/မ၊ သွေးအုပ်စု၊ အမြဲကိုင်ဆောင်သောဖုန်းနံပါတ်နှင့် နေရပ်လိပ်စာတို့အပြင် ဇီဝဆိုင်ရာအချက်အလက်(Biometric)များဖြစ်သော လက်ဗွေရာ၊ မျက်လုံးနှင့် မျက်နှာအနေအထားတို့ကို ခေတ်မီနည်းစနစ်များဖြင့် စိစစ်ကောက်ယူမှတ်တမ်းတင်ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ကိုယ်ရေးအချက်အလက်နှင့်ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူဆောင်ရွက်ခြင်းကို ရာနှုန်းပြည့်နီးပါး ကောက်ယူဆောင်ရွက်ပြီးစီးရန် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များကို ကောက်ယူပြီးစီးပါက အခြေခံပညာရေးကျောင်းများမှ ကျောင်းသား/သူများနှင့် ဒေသခံပြည်သူများကို ဆက်လက် ကွင်းဆင်းကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မူဆယ်ခရိုင်(ပြန်/ဆက်)