ဟိုင်းကြီးကျွန်း သြဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသခံပြည်သူများ စားဝတ်နေရေး သက်သာချောင်ချိရေးအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချခြင်းကို ဩဂုတ်လ ၁၄ ရက်နေ့၊ နံနက် ၈ နာရီက ဟိုင်းကြီးကျွန်းမြို့ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအရှေ့၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံဦးဆောင်သော ဝန်ထမ်းများနှင့် မြို့အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ ဒေသခံပြည်သူများ စားဝတ်နေရေးသက်သာချောင်ချိရေးအတွက် ဆန်(၁)ပြည်လျှင် ၄၀၀၀ ကျပ်ဖြင့် ဆန် (၁၀)ပြည်၊ ဆီ(၁)ပိဿာလျှင် ၉၀၀၀ ကျပ်နှုန်းဖြင့် (၅)ပိဿာ၊ ဝက်သား(၁)ပိဿာလျှင် ၁၁၀၀၀ ကျပ်နှုန်းဖြင့် (၅)ပိဿာ၊ ကြက်ဥ(၁)လုံးလျှင် ၂၀၀ ကျပ်နှုန်းဖြင့် (၃၀၀)လုံး၊ ခေါက်ဆွဲခြောက် တစ်ထုပ်လျှင်(၅၀၀)ကျပ်နှုန်းဖြင့် (၃၀)ထုပ် နှင့်ငါး(၁) ပိဿာလျှင် ၇၀၀၀ ကျပ်နှုန်းဖြင့် (၂၀)ပိဿာတို့အား ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဒေသခံပြည်သူများအနေဖြင့် သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို စားသုံးရခြင်းကြောင့် ကောင်းမွန်သောကျန်းမာရေးအကျိုးကျေးဇူးများကို ပိုမိုခံစားရရှိကြပြီး စျေးနှုန်းသက်သာစွာဝယ်ယူရရှိသည့်အတွက် ကုန်ကျစရိတ်လည်း များစွာသက်သာလျက်ရှိကြောင်း သိရသည်။
လှိုင်မျိုးအောင် (ဟိုင်းကြီးကျွန်း ပြန်/ဆက်)