မြစ်ကြီးနား သြဂုတ် ၂၆
မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုဒေသဝမ်းစာဖူလုံရေးနှင့် ဒေသတွင်း ကဏ္ဍပေါင်းစုံ/ ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်လာရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပူတာအိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ပူတာအိုဒေသရပ်မိ/ရပ်ဖများ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပူတာအိုဒေသအား (၃) နှစ် အတွင်း ဒေသဝမ်းစာဖူလုံစေရေးအတွက် ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ပူတာအိုဒေသအတွင်း သွားလာရခက်ခဲပြီးဝေးလံသောနေရာများစွာ ကျန်ရှိသေးသဖြင့် မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးမတည်ရန်ပုံငွေကျပ် (၁၁၃၅) သန်း ခွဲဝေချထားပေးခဲ့ပြီး ဒေသအတွက် တစ်နေ့လျှင် (၁၈) တန်ကျ ဆန်စက်ကိုလည်း တည်ထောင်ပေးနိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်ကိုလည်း ကဏ္ဍပေါင်းစုံမှ စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဒေသတွင်း စိုက်ပျိုးမွေးမြူရေးနှင့် MSME လုပ်ငန်းများတိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများအပြင် တည်ဆောက်ရေးလုပ်ငန်းများတွင် ပိုမိုခွင့်ပြုလျာထားဆောင်ရွက်သွားနိုင်ရေးအတွက် ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနများက ညှိနှိုင်းပေါင်းစပ်ဆွေးနွေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ခံ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ပူတာအိုဒေသအတွင်း ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်လာစေရေး ဘဏ္ဍာနှစ်အလိုက်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးက ဒေသဝမ်းစာဖူလုံရေးအတွက် မိုးစပါးစိုက်ပျိုးမှုနှင့် အထွက်နှုန်းတိုးတက်လာသည့် အခြေအနေများ၊ ခေါင်လန်ဖူး၊ ရှိန်းခေါင်ဒေသလမ်းပန်းဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လိုအပ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသ၏ ရပ်မိရပ်ဖများက ပူတာအိုဒေသတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် လမ်းပန်းဆက်သွယ်ရေး၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများ၊ ဆောင်ရွက်ဆဲအခြေအနေများနှင့် ခေါင်လန်ဖူးဒေသ ဆန်ရိက္ခာဖူလုံစေရေး၊ ဝက်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကဏ္ဍအလိုက်ရှင်းလင်း ဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုဒေသဝမ်းစာဖူလုံရေး၊ ကဏ္ဍပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်လာစေရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ကချင်ပြည်နယ် ပူတာအိုခရိုင်တွင် ၂၀၂၁-၂၀၂၂ ခုနှစ်က မိုးစပါးစိုက်ဧက (၃၆၈၈၀) တွင် အထွက်နှုန်း (၄၀.၉၈) တင်းရရှိသဖြင့် ဝမ်းစာဖူလုံမှုတွင် (၈၆) ဒဿမ (၂၀) ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အထွက်တိုးမျိုးစပါး ဆင်းဧကရီ (၃)မျိုးစေ့ (၁၂၂၁) တင်း ဖြန့်ဝေဆောင်ရွက်ခဲ့ရာ စိုက်ဧက (၃၇၀၆၀) ဧကတွင် အထွက်နှုန်းတင်းပေါင်း (၄၃) ဒဿမ (၇၆) ရှိခဲ့သဖြင့် ဖူလုံမှုသည် (၈၈.၆၆) ရာခိုင်နှုန်းတိုးတက်လာပြီး ယခုနှစ်တွင် ဆင်းဧကရီ (၃) အထွက်တိုး မျိုးစပါး တင်း (၅၀၀၀) ဖြန့်ဝေပေးထားခဲ့ပြီး သြဂုတ် (၁၅) ရက်နေ့အထိ စာရင်းကောက်ယူမှုအရ မိုးစပါးစိုက်ပျိုးမှု (၃၇၂၈၈) ဧကအထိရှိလာပြီး ရာသီကုန်တွင် ဝမ်းစာဖူလုံမှု (၉၃) ရာခိုင်နှုန်းကျော်ထိ တိုးတက်လာမည်ဖြစ်ကြောင်းနှင့် လာမည့် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဖူလုံမှု (၁၀၀) ရာခိုင်နှုန်းကျော် တိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့အပြင် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပူတာအိုဒေသအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေကျပ် (၁၁၃၅) သန်းဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ရပ်ကွက်/ ကျေးရွာပေါင်း (၃၆) ရွာအတွက် စီမံကိန်းလုပ်ငန်းပေါင်း (၃၃)ခုတို့တွင် ရင်းနှီး မတည်ဆောင်ရွက်လျက် ရှိသည့်အပြင် ခေါင်လန်ဖူးဒေသ စိုက်ပျိုးရေးလုပ်ငန်းအတွက် စီမံကိန်း (၅)ခု အတွက် ငွေကျပ်သန်း (၈၀)နှင့် ဝက်မွေးမြူရေးလုပ်ငန်းအတွက် ငွေကျပ်သန်း (၂၀)ဖြင့် စုစုပေါင်းရန်ပုံငွေကျပ် သန်း (၁၀၀) ရင်းနှီးမတည်ပေးထားနိုင်ခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)