ဘီးလင်း သြဂုတ် ၂၆
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ် အဖြစ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် သြဂုတ်လ ၁၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ တိရစ္ဆာန်ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့သြဂုတ် ၂၅ ရက်နေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ် ရွှေလှေကျေးရွာ၌ အသိပညာပေးလုပ်ငန်းများနှင့် တိရစ္ဆာန်ရောဂါကာကွယ်ဆေး အခမဲ့ ထိုးနှံခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဘီးလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာဥမ္မာနှင်းနှင့် ဝန်ထမ်းများက ကျွဲ၊ နွား၊ ဆိတ်၊ ဝက်များတွင် ဖြစ်ပွားတတ်သည့် ရောဂါလက္ခာဏာများနှင့် ကြိုတင်ကာကွယ် ရေးနည်းလမ်းများကိုရှင်းလင်းပြောကြားပြီး မွေးမြူရေး လုပ်ကိုင်သူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ပိုးသတ်ဆေးများဖျန်းပေးခြင်းနှင့် မွေးမြူထားသော တိရစ္ဆာန်များအား ရောဂါကာကွယ်ဆေးများကို အခမဲ့ထိုးနှံပေးခဲ့သည်။
တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် ယနေ့အထိ မြို့နယ်အတွင်းရှိ ကျွဲ၊ နွားအကောင်ရေ (၂၄၆) ကောင်တို့အား ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသော ရပ်ကွက်၊ ကျေးရွာများသို့ ဆက်လက်ကွင်းဆင်း ဆောင်ရွက် သွား မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)