ပျဉ်းမနား ဩဂုတ် ၂၆
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းခွင်အကြိုလေ့ကျင့်ရေးသင်တန်း (၁/၂၀၂၃) တွင် တက်ရောက်နေကြသည့် သင်တန်းသား/ သင်တန်းသူ (၃၀)ဦးတို့သည် ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံးသို့ လေ့လာရေးလာရောက်ကြသည်။
ရှေးဦးစွာ လေ့လာရေးလာရောက်ကြသည့် သင်တန်းသား/သင်တန်းသူများအား ပြည်ထောင်စု နယ်မြေနေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ခရိုင်ဦးစီးမှူး ဒေါ်နန်းမေစုအောင်နှင့် မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်တို့က လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံးခန်းမ၊ ကွန်ပျူတာသင်တန်းခန်းနှင့် စာဖတ်ဝိုင်းများကျင်းပဆောင်ရွက်သည့် Book Club ခန်းတို့တွင် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား လိုက်လံရှင်းလင်းပြသကြသည်။
ထို့နောက် သင်တန်းသား/သင်တန်းသူများက ပြည်သူ့စာကြည့်တိုက်အတွင်း ကြည့်ရှုလေ့လာကြပြီး Digital Library Management System (DLMS) စနစ်ဖြင့် စာအုပ်များ ရေးသွင်းခြင်းနှင့် ငှားရမ်းမှုအခြေအနေများ၊ ကလေးစာဖတ်ခန်းအတွင်း ပြင်ဆင်ထားရှိမှုအခြေအနေများ၊ ရည်ညွှန်းစာဖတ်ခန်းနှင့် အသိပညာပေး Talk Show ရိုက်ကူး ဆောင်ရွက်သည့်နေရာများ၊ နယ်လှည့်စာငှားလုပ်ငန်းများ ဆောင်ရွက်နေသည့် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်တွင် စာအုပ်၊ စာစောင်များ ပြင်ဆင်ထားရှိမှု၊ စာအုပ် သိုလှောင်ခန်းအတွင်း စာအုပ်များ စနစ်တကျသိုလှောင်ထားရှိမှုအခြေအနေများကို လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။
မျိုးသီဟ(ပြန်/ဆက်)