အောင်မြေသာစံမြို့နယ်၊ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်းသို့ သုတ၊ ရသ၊ စာအုပ်၊ စာစောင်များနှင့်အား ကစားပစ္စည်းများ လှူဒါန်း

မန္တလေး   ဩဂုတ် ၂၆

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးရဲတင့်သည် ယမန်နေ့နံနက်ပိုင်းက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ၍ နိုင်ငံတော်အတွက် အကျိုးပြုနိုင်မည့် လူငယ်များဖြစ်အာင် လေ့ကျင့်သင်ကြားသင်ယူကြရန် မှာကြားသည်။‌

တွေ့ဆုံပွဲသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံအရာရှိ ဗိုလ်ကြီးကျော်ဇောမင်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ (၄၀၀) ဦးတို့တက်ရောက်ကြသည်။

ဒုတိယဝန်ကြီးက တွေ့ဆုံမှာကြားရာတွင် လူငယ်များသည် အနာဂတ်အတွက် နိုင်ငံတော်မှ အားထားရမည့်သူများဖြစ်ရန် လိုအပ်ကြောင်း၊ ပညာနိမ့်ပါးသူများ အသိပညာအတတ်ပညာ မပြည့်စုံသူများဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်၍မရကြောင်း၊ နိုင်ငံအတွက် ပညာပြည့်ဝပြီး ဗလငါးတန် ပြည့်စုံသော လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ရန်မှာ အရေးကြီးကြောင်း၊ ထိုသို့ဖြစ်ရန်မှာ ပညာရေးသည်အခြေခံဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်စုံပညာရေးကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အတတ်ပညာသာမက အသိပညာပါ ပြည့်စုံပြီး ဗလငါးတန်နှင့် ပြည့်စုံသည့် လူကောင်းလူတော်များ ဖြစ်လာအောင် မိဘများ၊ဆရာ/ဆရာမများနှင့် တာဝန်ရှိသူများမှ ဝိုင်းဝန်းပြုစုပျိုးထောင်ပေးကြရန် လိုအပ်ကြောင်း၊ ကျောင်းသား၊ကျောင်းသူများမှလည်း ရည်မှန်းချက်၊ရည်ရွယ်ချက်များထားပြီး မိမိဘဝ၊မိသားစုဘဝနှင့် နိုင်ငံတော်ကအားထားရသည့် သားကောင်းရတနာများဖြစ်အောင် ကြိုးစားကြရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက ပြန်ကြားရေးဝန်ကြီးဌာနမှ လှူဒါန်းသည့် ကျောင်းစာကြည့်တိုက်အတွက် စာအုပ်၊ စာစောင်များနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့သည့် အားကစားပစ္စည်းများကို ပေးအပ်ရာ ဆရာ၊ဆရာမများက လက်ခံရယူကြသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ကျောင်းစာကြည့်သို့ ဝင်ရောက်ကြည့်ရှုပြီး ကျောင်းသား၊ကျောင်းသူများ စာကြည့်တိုက်ကို အားကိုးအားထားပြုနိုင်ရေး၊ စာပေဖတ်ရှုလေ့လာနိုင်ရေး အလေးထား ဆောင်ရွက်ပေးရန် အားပေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

မြင့်မော်ထွန်း