မိတ္ထီလာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလားကျေးရွာအုပ်စုပေါင်းစုံ အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

မိတ္ထီလာ ဩဂုတ် ၂၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် မြို့နယ်အုပ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ကျေးရွာအုပ်စုပေါင်းစုံအမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ကညနေပိုင်းက မြို့နယ်အားကစားကွင်း(ပေါက်ချောင်း)တွင် ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကို ရှေးဦးစွာကျင်းပရာ မကျီးချောက်အသင်းကို ကန်တောင်အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။ ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ဘောလုံးပြိုင်ပွဲတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သော မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့အား ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ ဒုတိယဆုရှိခဲ့သော မကျီးချောက်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ဆုငွေကိုလည်းကောင်း၊ ပြိုင်ပွဲတွင် နေရာအလိုက်အကောင်းဆုံးအားကစားသမားဆုများနှင့် ပွဲစဉ်တလျှောက် အကောင်းဆုံးအားကစားသမားဆုကိုလည်းကောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးကျော်ဇေယျနှင့်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များကလည်းကောင်း၊ ပထမဆုရှိသော ကန်တောင်အသင်းအား ငွေသားဆုနှင့် ဒိုင်းဆုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးကလည်းကောင်း အသီးသီးဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ ကျေးရွာအုပ်စုပေါင်းစုံ အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ဘောလုံးအသင်းများကို အုပ်စု ၆ စုဖွဲ့၍ကျင်းပရာ အုပ်စု(က) သရက်ခြံ၊ နတ်ကြီးကုန်း၊ မြင်တော်ကန်၊ အုပ်စု(ခ)လူးခင်းကြီး ၊ ကန်တောင် ၊ သီးကုန်း ၊ အုပ်စု(ဂ) ထမုန်ကန် ၊ ညောင်ပင်ကုန်း၊ မွေ ၊ အုပ်စု(ဃ) ဂွေးတောက်ကုန်း၊ မြင်းကန် ၊ ပျော်ကုန်း ၊ အုပ်စု(င)မုန်တိုင်၊ တောမ၊ မကျီးချောက် ၊ အုပ်စု(စ)သံဘို ၊ မကျီးစု ၊ ညောင်ဇောက်တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး  ၎င်းပြိုင်ပွဲအား ဩဂုတ်လ ၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပခဲ့ကြောင်းသိရသည်။    

ချမ်းသာ