မလှိုင်မြို့အဝင်၌ ယာဉ်ရပ်နားစခန်းတည်ဆောက်သွားမည်

မလှိုင်  သြဂုတ် ၂၆

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ယာဉ်ရပ်နားစခန်း(၁)ခုကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဩဂုတ်လ ၂၄ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်သည့် အဆိုပါယာဉ်ရပ်နားစခန်းတည်ဆောက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က မလှိုင်မြို့နယ်မှ မိတ္ထီလာ၊ မန္တလေး၊ ပြင်ဦးလွင်၊ မြင်းခြံ၊ တောင်ကြီး၊ နေပြည်တော်မြို့များသို့ ခရီးသည်တင်ယာဉ်လိုင်း(၈) ခုခန့်ဖြင့် နေ့စဉ်ဂိတ်ဖွင့်ပြေးဆွဲလျက်ရှိကြောင်း၊ အဆိုပါယာဉ်လိုင်းများ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ မြို့တွင်းယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပေါ်စေရေးနှင့် ခရီးသွားပြည်သူများ လုံခြုံစိတ်ချအေးချမ်းစွာ သွားလာနိုင်ရေးအတွက် အဝေးပြေးယာဉ်ရပ်နားစခန်းကို ဆောက်လုပ်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအောင်ကျော်သူနှင့် မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဒေါ်နွယ်နီထွန်းတို့က ယာဉ်ရပ်နားစခန်း ဆောက်လုပ်မည့် လုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာ သည့် မြို့တွင်းလက်မှတ်ရောင်း မော်တော်ယာဉ်ဂိတ်ပိုင်ရှင်များ၏ ဆွေးနွေးတင်ပြမှုအပေါ် မြို့နယ် အုပ်ချုပ်ရေးမှူးက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။

အဝေးပြေးယာဉ်ရပ်နားစခန်းကို မလှိုင်မြို့အဝင် အမှတ်(၃)ရပ်ကွက်၊  ကွင်းအမှတ် A(က)၊ ရုံးရပ်ကွင်း၊ ဦးပိုင်အမှတ်(၈)၊ မြေကွက်အမှတ်(၃၈)ရှိ ဧရိယာ(၁.၂၆)ဧကပေါ်တွင် အလျား(၈၀)ပေ၊ အနံ(၁၀)ပေ၊ အမြင့်(၁၀)ရှိ Steel Structure သွပ်မိုးနှင့် (၂)ခန်းတွဲ ရေလောင်းအိမ်သာတို့ကို ခွင့်ပြုရန်ပုံငွေ(၂၀.၃)သန်း အကုန်အကျခံ ဆောက်လုပ်သွားမည်ဖြစ်သည်။ အဆိုပါအဆောက်အဦ ဆောက်လုပ်ပြီးစီးသွားပါက မြို့တွင်းလက်မှတ်ရောင်းမော်တော်ယာဉ်ဂိတ်များကို ယာဉ်ရပ်နားခစန်း တွင် ပြောင်းရွှေ့နေရာချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)