မဟာအောင်မြေ ဩဂုတ် ၂၅
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အိုးဘို-ရွှေကျင်ရပ်တွင် ဝါခေါင်လဆန်း ၈ ရက်နေ့တိုင်း နှစ်စဉ်တစ်ရက်တည်းသာ ကျင်းပလေ့ရှိသော အိုးပုတ်ပွဲသို့ လာရောက်လည်ပတ်သူ၊ အိုးပုတ်နှင့် မြေနှင့်ပြုလုပ်သော အိမ်သုံးပစ္စည်း၀ယ်ယူသူများနှင့် စည်ကားကြောင်း သိရသည်။
ဝါခေါင်လဆန်း ၈ ရက် (၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၄ ရက်) နေ့နံနက်ပိုင်းမှစ၍ ညနေ၊ နေ၀င်ချိန်ထိ အိုးပုတ်၀ယ်သူများ၊ မြေဖြင့် ပြုလုပ်သော စုဘူးများ၊ ညောင်ရေအိုး၊ သောက်ရေအိုးများနှင့် ဝါးနှင့် ရက်လုပ်သည့် အသုံးအဆောင်များရောင်းသူ၊ ၀ယ်သူများနှင့် စည်ကားခဲ့သည်ဟုဆိုသည်။
ပွဲတော်က မနက်ပိုင်းထက် ညနေပိုင်းမှာ ပိုပြီးစည်ကားတယ်၊ ကလေးတွေကစားဖို့ အိုးပုတ်၀ယ်တဲ့သူများတယ်၊ တချို့လည်း ညောင်ရေအိုးတို့ သောက်ရေအိုးတို့ ၀ယ်ကြတယ်၊ အိုးပုတ်က ဒီနှစ်မှာ မနှစ်ကထက် ဈေးတက်တယ်ပြောရမယ်၊ မနှစ်က အိုးပုတ်အသေး ၈ ခုကို တစ်ထောင်ကနေ ဒီနှစ် ၅ ခုတစ် ထောင်ရောင်းပါတယ်၊ ကုန်ဈေးနှုန်းနဲ့ မိုးများတော့ အိုးပုတ်ထုတ်ရာမှာ အခက်အခဲတွေကြောင့် ဈေးတက်တာပါဟု ပွဲတော်တွင် အိုးပုတ်ရောင်းသူ ကိုမြင့်သိန်းကပြောသည်။
အိုးပုတ်ပွဲမတိုင်မီ ၂ ရက်အလိုတွင် အိုးပုတ်ရောင်းသူများ ရောက်ရှိလာကြပြီး ရေနွေးကရား၊ ရေနွေးခွက်၊ ထမင်းအိုး၊ ဟင်းအိုး၊ ငှက်ပျောဖီး၊ ရေတကောင်း၊ ပစ်တိုင်းထောင်၊ ဇီးကွက်ရုပ်၊ ဆင်ရုပ်၊ နွားရုပ်စသည်တို့ဖြစ်ပြီး အနည်းဆုံး တစ်ထောင်ကျပ်မှ အများဆုံး ၂၅၀၀ ကျပ်ဖြင့် ရောင်းချကြောင်း၊ အိုးပုတ်ထုတ်လုပ်သည့်ဒေသမှာ မန္တလေးမြို့အနီးမှ အင်း၀ပတ်၀န်းကျင်မှ ရွံ့စေးမြေများကို လိုအပ်သော အိုးပုတ်များပြုလုပ်ကာ မီးဖုတ်ပြီးနောက် ဆေးရောင်ချယ်၍ ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။
အိုးပုတ်ပွဲတော်တွင် ကျောက်ပန်းကုန်းတွေ ရောင်းကြတာလည်းရှိတယ်၊ အဲဒါကိုခေါင်းတွေပေါ်မှာ အခွေလိုက်ပန်ပြီး ဈေးတန်းလျှောက်ကြ၊ ဓါတ်ပုံရိုက်ကြနဲ့လာတဲ့သူတွေ ပျော်ကြတာ တွေ့ရတယ်၊ ပြီးတော့ မြန်မာ့ရိုးရာ မုန့်တွေရောင်းတဲ့အသည်တွေ၊ ဝါးနဲ့လုပ်တဲ့ အိမ်သုံးပစ္စည်း တွေလည်းရောင်းကြတော့ ဈေးသည် ဈေး၀ယ်စုံတယ်လို့ ပြောရမယ်၊ တစ်နှစ်မှာ တစ်ရက်တည်း နှစ်ပေါင်းများစွာ ကျင်းပလာခဲ့တာပါဟု အိုးဘိုရပ်ကွက်ခံတစ်ဦးက ပြောသည်။
အိုးပုတ်ပွဲသည် မြန်မာတို့၏ ဒြပ်မဲ့ယဉ်ကျေးမှုဖြစ်ပြီး ပါးစပ်ရာဇ၀င်များအရ မနှဲလေး ဆော့ကစားခဲ့သောအရပ်တွင် အိုးပုတ်ပွဲအဖြစ် တစ်နှစ်လျှင် တစ်ကြမ်ကျင်းပလေ့ရှိကြောင်း၊ တချိန်ကလာရောက်ရောင်းချသူများ၏ အိုးပုတ်များကို အပျော်သဘောဖြင့် ခိုးယူကြသည့်အတွက် အိုးပုတ်ခိုးပွဲဟူ၍လည်း ခေါ်ဝေါ်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း