ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

မောင်တော ဩဂုတ် ၂၅

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန် ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက အမှာစကားပြောကြားရာတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများအနေဖြင့် မုန်တိုင်းဘေးကျရောက်ခဲ့သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက်ပေးအပ်ထားသော တာဝန်များအား စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်စေလိုကြောင်း၊ မုန်တိုင်းဘေးကျရောက်ခဲ့သော ကျေးရွာများတွင် နေအိမ်များဆောက်လုပ်နိုင်ရေးအတွက် မျှောတိုင်များထောက်ပံ့ထားရှိရာ နေအိမ်များ ပြန်လည်တည်ဆောက် နေတုန်းကာလအတွင်း ပျက်စီးမှုမရှိစေရေး အမိုးအကာအောက်တွင် စနစ်တကျ ထိန်းသိမ်းထားရှိစေလိုကြောင်း၊ နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်ထားသော  ကျန်ရှိသောသစ်များအား လိုအပ်သည်နေရာတွင် အသုံးပြုနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်ပေးရန်လိုကြောင်း၊  မုန်တိုင်းဒဏ်ကြောင့် လေဘေးသင့်ခဲ့သော ကျေးရွာများရှိ ဘုန်းတော်ကြီး ကျောင်းများ၊ စာသင်ကျောင်းများနှင့် ကျေးလက်ဆေးပေးခန်းများ လက်ရှိပြန်လည်ပြုပြင်တည်ဆောက်နေမှုကိစ္စရပ်များကို သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မှီစွာဖြင့် အမြန်ဆုံးဆောက်လုပ်ပြီးစီးနိုင်ရေးအတွက် တာဝန်ရှိသူများက အနီးကြပ်ကြီးကြပ်ဆောင်ရွက်စေလိုပါကြောင်း၊ မိမိတို့ မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးများကိုလည်း  ဦးတည်အုပ်စုများအလိုက် ကာကွယ်ဆေး သက်တန့်မကျော်လွန်မှီအပြီး ထိုးနှံပေးရေးဆောင်ရွက်ကြစေရန်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်နိုင်ရေးနှင့် အိမ်ထောင်စုစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် ပန်းခင်း(၂)စီမံချက်ကို မြို့ပေါ်နှင့် ရပ်ကွက်ကျေးရွာများအတွင်း ဒေသခံပြည်သူများအား ကျန်လတ်မှုမရှိစေရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်း မှာကြားခဲ့သည် ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက်ဆောင်ရွက်နေမှုများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် သာသနိကအဆောက်အဦများအား သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ပြန်လည်တည်ဆောက်ပေးလျက်ရှိရာ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောက်လုပ်နေမှုအခြေအနေများ စသည့်တို့ကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသော ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများအလိုက် မြို့နယ်အတွင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအား အသေးစိတ်တင်ပြခဲ့ကြရာ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)