မိုင်းဖြတ် ဩဂုတ် ၂၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် တာဝန်ရှိသူများသည် ဩဂုတ်လ ၂၅ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် ၊ နမ့်ကုန်း ကျေးရွာအုပ်စု၊ ဟောင်ဟင်ကျေးရွာရှိ ကွင်းအမှတ်(၂၆)၊ တောင်သူ ဦးအောင်မျိုး၏ မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်း၌ စုပေါင်း မြေဩဇာ ကြဲပက်ပွဲ အခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန(ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးလှဝင်းက မိုးစပါး ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် စိုက်ပျိုးရေး နည်းပညာ များနှင့် မြေဩဇာကို အချိန်ကိုက်၊ အချိုးကျ စနစ်တကျ ထည့်သွင်းနည်းများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး နှင့်အစိုးရအဖွဲ့ဝင်များက မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း၌ တောင်သူများက မြေဩဇာကြဲပက်ပွဲ၌ လက်တွေ့ပြသမှုအား ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများသည် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မြေဩဇာကို အချိုးကျ ရောစပ် အသုံးပြုနည်း လက်တွေ့ပြသမှုအား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် တောင်သူများ၏ ဆွေးနွေးတင်ပြ ချက်များအပေါ် ဟောင်ဟင်ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းရန်အတွက် ကျပ်သိန်း(၁၀၀)အားလည်းကောင်း၊ ခတ်တန်ကျေးရွာခြင်းဆက်တံတား ကြမ်းခင်းပြုပြင်ရန်အတွက် ကျပ်သိန်း(၁၅၀)အားလည်းကောင်း ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)