သာစည် ဩဂုတ် ၂၅
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျောင်းသားလူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီးလူအများရှေ့၌ စကားပြောဆိုရာတွင် ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း သူရိယခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးတေဇာမြင့်က အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင့်ဘော်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းက ဦးဆောင်၍ လူငယ်စကားဝိုင်းကို စတင်ရာ Grade-10မှ မောင်ထက်ဝေယံက လူငယ်နှင့်အားကစား၊ Grade-11 မှ မောင်စစ်သွေးအောင်က လူငယ်နှင့်ကျန်းမာရေး၊ မနှင်းဧကရီက လူငယ်နှင့်ပညာရေး၊ Grade-12 မှ မောင်ဇေယျာဖြိုးက လူငယ်နှင့်စာရိတ္တ၊ မနှင့်ပွင့်ဖြူက လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်များဖြင့် ဆွေးနွေးရာတက်ရောက်လာသည့် ကျောင်းသား/သူများမှ ကျောင်းသား/သူငါးဦးတို့က အဆိုပါခေါင်းစဉ်များနှင့်ပတ်သက်၍ မိမိတို့အတွေးအမြင်များကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ၎င်းနောက် အထက(၂)ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့စိမ်းက ကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်၍ ကျောင်းသား/သူများက အသိပညာပေးပြသထားသော နံရံကပ်စာစောင်နှင့် ဓာတ်ပုံများ၊ သုတရသစာအုပ်များကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)