ကချင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း ကျောက်စခန်းပူးပေါင်းစစ်ဆေးရေးဂိတ် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး၊ ခရိုင်အတွင်း သီးထပ်စွမ်းအားစိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံ

ဗန်းမော် သြဂုတ် ၂၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ကျောက်စခန်းပူးပေါင်းစစ်ရေးဂိတ် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ခရိုင်အတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအတွက် သီးထပ်သီးညှပ်များ စိုက်ပျိုးနိုင်ရေးအတွက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းသည် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ နံနက် ၈ နာရီတွင် ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးသည် ခရိုင်/မြို့နယ်တရားမဝင်ကုန်သွယ်မှုများ တားဆီးအရေးယူနိုင်ရေးအထူးအဖွဲ့ဝင်များနှင့်အတူ မိုးမောက်မြို့နယ် မိုးမောက်-လွယ်ဂျယ်သွားလမ်းပေါ်ရှိ ကျောက်စခန်းကျေးရွာတွင် ဖွင့်လှစ်ထားသော ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ထို့သို့ စစ်ဆေးစဉ် ပြည်နယ်ဝန်ကြီးသည် ဂိတ်တာဝန်ကျ ဝန်ထမ်းအဖွဲ့အစည်းများနှင့် တွေ့ဆုံကာ တရားမဝင်ကုန်သွယ်မှုများ မရှိစေရေးအတွက် စနစ်တကျစစ်ဆေးဆောင်ရွက်သွားရေး၊ တရားမဝင်ကုန်သွယ်မှုများ ဖော်ထုတ်ဖမ်းဆီးရမိရေး အလေးထား ဆောင်ရွက်ကြရာတွင် စစ်ဆေးရေးဂိတ် တာဝန်ခံအရာရှိမှ ဦးစီးဦးဆောင်၍ OSS ဝန်ထမ်းများက စနစ်တကျ စုပေါင်း စစ်ဆေးသွားရေး၊ လုံခြုံရေးကိစ္စရပ်များအား အထူးဂရုပြုဆောင်ရွက်သွားကြရေး၊ အဂတိလိုက်စားမှုမရှိစေရေးကို အထူးကြပ်မတ် ဆောင်ရွက်ရေး၊ တရားဝင် ပို့ကုန်/သွင်းကုန်များကို ကြန့်ကြာမှုမရှိစေရေး လျင်မြန်ချောမွေ့စွာ ကုန်သွယ်ခွင့်ပြုနိုင်ရန် စီမံဆောင်ရွက်ပေးကြရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက်ရှိ မြသီတာဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ ခရိုင်အတွင်းရှိ ခရိုင်/မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ခရိုင်အတွင်း စားရေရိက္ခာဖူလုံရေး စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေးအတွက် မိုးသီးနှံ၊ ဆောင်းသီးနှံအပါအဝင် သီးထပ်သီးညှပ်များကို တစ်နှစ်နှစ်သီးမှသုံးသီး တိုးမြှင့်စိုက်ပျိုး ထုတ်လုပ်နိုင်ရေး တောင်သူများအား စည်းရုံးဆောင်ရွက်သွားရမည့်ကိစ္စရပ်များ၊ ယခုနှစ်အတွင်း မိုးစပါး လျာထားချက်အပေါ် စိုက်ပျိုးဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ စပါးပန်းတိုင်အထွက်နှုန်း ပြည့်မီရေး စီစဉ်ဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် ရေကြီးနှစ်မြှုပ်မှုဖြစ်‌ပေါ်ခဲ့သည့် မိုးစပါးစိုက်ခင်းများ အမြန်ဆုံးပြန်လည်စိုက်ပျိုးနိုင်ရေး လိုအပ်သည့် သွင်းအားစုများ ပံ့ပိုးကူညီနိုင်ရေး စသည့်တို့ကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဗန်းမော်ခရိုင်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အတွက် စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနတို့က ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများအတွက် ရန်ပုံငွေကျပ် (၁၈၅၉.၁၀၈) သန်းကို ခွင့်ပြုပေးထားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)