မချမ်းဘော သြဂုတ် ၂၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ ဒေသခံပြည်သူများ သည်မိမိတို့ဒေသ တောတောင်ယာများတွင် သဘာဝအလျောက်ပေါက်ရောက်လျက်ရှိသော ရဝမ်ဘာသာစကားဖြင့် ရှလာမ့် (ခေါ်) တောင်စွန်ဖက်များကို ခူးယူရောင်းချ၍ မိသားစုအပိုဝင်ငွေများ ရလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရှလာမ့်ခေါ် တောင်စွန်ဖက်များကို ရောင်းချရာတွင် ဖက်ရွက် အရွက်(၁၀၀) ပါသော ဖက်လိပ်တစ်လိပ်လျှင် တစ်ထောင်ကျပ်ဖြင့်ရောင်းချပြီး အဆိုပါဖက်လိပ်များကို မချမ်းဘောမြို့ နံနက်စျေးနှင့် ပူတာအိုမြို့နံနက်စျေးများတွင်လည်းကောင်း၊ မချမ်းဘောမြို့နှင့်ပူတာအိုမြို့ရှိ ရိုးရာအစားအစာများ ရောင်းသောဆိုင်များက ဝယ်ယူလျက်ရှိကြောင်းနှင့် အချို့သော ဘာသာရေးဆိုင်ရာပွဲတော်များ၊ မင်္ဂလာအခမ်းအနားများနှင့် ရိုးရာအစားအစာဖြင့် တည်ခင်းကျွေးမွေးသော အခမ်းအနားများတွင် ၎င်းဖက်ရွက်ကို မပါမဖြစ် အသုံးပြုလျက်ရှိကြောင်းလည်း သိရသည်။
မချမ်းဘောဒေသရှိ ဒေသခံများအနေဖြင့် မိမိဒေသထွက် ဟင်းသီးဟင်းရွက်၊ စားသောက်ဖွယ်ရာ ရောင်းချသူများအနေဖြင့်လည်း
ပလတ်စတစ်အိတ်များဖြင့် ထုတ်ပိုးခြင်းမပြုဘဲ ရှလာမ့်ခေါ် တောင်စွန်ဖက်ရွက်များဖြင့်သာ ထုတ်ပိုးရောင်းချသည့်အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသာမက ခူးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေများ ရလျက်ရှိကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော့)