ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကျင်းပ

နေပြည်တော် ဩဂုတ် ၂၅

လူငယ်လူရွယ် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန်၊ ကာယစွမ်းရည်နှင့် ဉာဏစွမ်းရည်များ ဖွံ့ဖြိုးလာစေရန်အတွက် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ ပြပွဲနှင့်ပြိုင်ပွဲများကို  ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အမှာစကား ပြောကြားပြီး ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောသည်။

ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူများက ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲများပြုလုပ်ပြီး တာဝန်ရှိသူများက ဆုရရှိသူများအား အမှတ်တရဆုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်သည်။

အခမ်းအနားအပြီးတွင် ခင်းကျင်းပြသထားသည့် လူငယ်ရေးရာနှင့်ပတ်သက်သည့် နံရံကပ်စာစောင်ပြဘုတ်များနှင့် စာအုပ် စာစောင်များကို ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)