ပျဉ်းမနား ဩဂုတ် ၂၅
နေပြည်တော် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောင်မြင်စွာကောက်ယူနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ၊ မြေပြင်ကွင်းဆင်းကောက်ယူရေးလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အဓိက တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဆက်စပ်နေ သည့် သက်ဆိုင်ရာဌာန၊ အဖွဲအစည်းများက မိမိတိုကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူသည့်အခါတွင်လည်း အချက်အလက်များမှန်ကန်ပြီး နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီဖြစ်စေရန်၊ နိုင်ငံ့အတွက်လိုအပ်သည့် ညွှန်ကိန်းများ၊ လူမှုစီးပွားဆိုင်ရာ အချက်အလက်များ ဖြည့်ဆည်းရရှိရန် အထူးအလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ် ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်က နေပြည်တော်သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ (ပြန်/ဆက်)