ဟိုပုံး ဩဂုတ် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရက်ကန်းသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ကျောက္ကချားကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးက အဖွင့်အမှာစကားပြောကြားရာတွင် ဘိန်းအစားထိုး ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းအားဖြင့် ဘိန်းစိုက်ပျိုးမှုလျော့နည်းပပျောက်စေပြီး ပြည်သူများလူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးနှင့် အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ မိသားစုအတွက် ရေရှည်တည်မြဲမည့် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန်၊ အထည်အလိပ်လုပ်ငန်း လုပ်ကိုင်သူများပေါ်ထွန်းလာစေရန်နှင့် ဈေးကွက်ဝင် အရည်အသွေးမြှင့်ထုတ်ကုန်ပစ္စည်းများ ပေါ်ထွန်းလာစေရန်၊ ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပဈေးကွက်ထိ ရောင်းချနိုင်သည့် လက်ရက်ထည်များ ထုတ်လုပ်လာနိုင်စေရန်၊ အသေးစား စက်မှုလက်မှုလုပ်ငန်းများ ပေါ်ပေါက်လာပြီး ကျေးလက်ဒေသပြည်သူများနှင့် မြို့ပြနေအခြေခံ လူတန်းစားများလူမှုဘဝဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်လာနိုင်စေရန်ဖြင့် သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်း ကျောင်း(တောင်ကြီး)၊ ကျောင်းအုပ် ဒေါ်ဖြူဖြူမြင့်က အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းပါ ဘိန်းစိုက်ပျိုးသည့် မြို့နယ် များတွင် အစားထိုး အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်မည့် လုပ်ငန်းအဖြစ် ရက်ကန်းသင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သင်တန်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီးနောက် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးက သင်တန်းသုံး ကုန်ကြမ်းပစ္စည်းများကို ကျေးရွာစီမံကိန်းအဖွဲ့ခေါင်းဆောင် ဦးဖြူကိုလည်းကောင်း၊ ရက်ကန်းနှင့် အသက်မွေးဝမ်းကျောင်းပညာသင်တန်းကျောင်း(တောင်ကြီး)၊ ကျောင်းအုပ် ဒေါ်ဖြူဖြူမြင့်က စီမံကိန်းလက်စွဲစာအုပ်များကို ကျေးရွာစီမံကိန်း သင်တန်းတာဝန်ခံ ဦးခွန်တထွန်းကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။
အဆိုပါသင်တန်းကို ဩဂုတ်လ(၂၄)ရက်နေ့မှ စက်တင်ဘာလ(၂၂)ရက်နေ့အထိ စာတွေ့/လက်တွေ့ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)