ပင်လောင်းမြို့နယ်၌ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲ ပြုလုပ်

ပင်လောင်း ဩဂုတ် ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး၊ ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများနှင့် ဘိန်းစိုက်ပျိုးသည့် မြို့နယ်များတွင် ဖွံ့ဖြိုးရေးဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်ဖြင့် ဖွင့်လှစ်သည့် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ပင်မွန်း ကျေးရွာအုပ်စု၊ ထီတမောင်းကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးရေး ဆောင်ရွက်ရာတွင် လုပ်ငန်းထူထောင်ပေးခြင်းနှင့် ကျေးရွာ၏ ဒေသထွက်ကုန်ကြမ်းအပေါ် မူတည်၍ ကုန်ထုတ်လုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာ သင်တန်းများ ပို့ချပေးခြင်း၊ လုပ်ငန်းထူထောင်လိုသူ ငါးဦးအား ရွေးချယ်၍ လုပ်ငန်းထူထောင်နိုင်သည့်အထိ လိုအပ်သော နည်းပညာနှင့် စက်ပစ္စည်းများ ထောက်ပံပေးခြင်းဖြင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုဖွင့်လှစ်ပေးသည့် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကိုလည်း သင်တန်းသားများအနေဖြင့် စိတ်ပါဝင်စားစွာဖြင့် အမှန်တကယ် တတ်မြောက်သည်အထိ သင်ယူကြဖို့လိုအပ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားသို့  တက်ရောက်သည့် ပြည်နယ်အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသဦးစီးမှူး ဦးဝင်းကျော်မျိုး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အတွင်းရေးမှူး ရဲမှူးဇော်ဝင်းနိုင်နှင့်အဖွဲ့ဝင် ဦးခွန်ကျော်မင်းထွန်၊ အသေးစားစက်မှုလက်မှု မြို့နယ်အဆင့် ကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာစီမံကိန်းကော်မတီ ဝင်များ၊ သင်တန်းသားများနှင့်အတူ မှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အဆိုပါ ပင်မွန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှသင်တန်းသား(၁၀)ဦးတို့အား ဆရာ နှစ်ဦးဖြင့် ဩဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာလ ၂၃ ရက်နေ့အထိ  စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)