ဝိုင်းမော် ဩဂုတ် ၂၅
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စု လဝမ်ကထောင်ကျေးရွာရှိ “ဂါလိလဲအင်း” လူငယ်ပြုစုပျိုးထောင်ရေး လူမှုအသင်း သင်တန်းဆောင်ခန်းမတွင် ဖွင့်လှစ်လျက်ရှိသည့် ရပ်ရွာအခြေပြုမူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးသန်းအောင်က သင်တန်းဆင်း အမှာစကားပြောကြားကာ လူမှုဝန်ထမ်းဦးစီးဌာန ပြန်လည်ထူထောင်ရေးစခန်း မန်နေဂျာ ဦးအောင်စည်က သင်တန်းဖြစ်မြောက်ရေး အဖက်ဖက်မှ ပူးပေါင်းကူညီခဲ့ကြသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ “ဂါလိလဲအင်း” လူငယ်ပြုစုပျိုးထောင်ရေးလူမှုအသင်းမှ တာဝန်ရှိသူများ၊ မိမိသဘောဆန္ဒအလျောက် မူးယစ်ဆေးဖြတ်လာရောက်သည့် လူငယ်များအား ကျေးဇူးတင်စကားပြောကြားပြီး “ဂါလိလဲအင်း” လူငယ်ပြုစုပျိုးထောင်ရေး လူမှုအသင်းအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရာ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူခဲ့သည်။
ထို့နောက် ညွှန်ကြားရေးမှူး ဦးသန်းအောင်နှင့် တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသားများက “အမွေခံဆိုးရဲ့နောင်တ” တေးသီချင်းအား သီဆိုဖျော်ဖြေကာ တက်ရောက်လာသူများနှင့် သင်တန်းသားများ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်သက်မွန်နှင့် ဝန်ထမ်းများက တက်ရောက်လာသူများအား အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ဇူလိုင်လ ၁၇ ရက်နေ့မှ ဩဂုတ်လ ၂၅ ရက်နေ့အထိ ရက်သတ္တပတ် (၅) ပတ်ကြာ ဖွင့်လှစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ်၊ ဆိုင်ကယ်ပြင်ဘာသာရပ်၊ ပိုက်ဆက်ပိုင်ပြင်ဘာသာရပ်၊ ဆပ်ပြာဆီပြုလုပ်နည်းဘာသာရပ်တို့အား သက်ဆိုင်ရာဌာများမှ တာဝန်ရှိသူများက စာတွေ့လက်တွေ့ အခမဲ့လေ့ကျင့်သင်ကြားပေးခဲ့ကာ မူးယစ်ဆေးဖြတ်ပြီးသူ အမျိုးသား(၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဖြူစင်