ကျိုက်ထိုမြို့အောင်သပြေ အခြေခံပညာ မူလတန်းကျောင်း၌ စာဖတ်ရှိန် မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေး

ကျိုက်ထို ဩဂုတ် ၂၅

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန် မြင့်မားပြီး အသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ကျိုက်ထိုမြို့၊ ကံ့ကော် ရပ်ကွက်ရှိ အောင်သပြေ အခြေခံပညာ မူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်လင်းလင်းဟန်က အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးယုဝေက ကျောင်းသူ‌/ကျောင်းသားများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးပြုကြရေး၊ ကျောင်းစာကို ကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာ စာပေများကိုပါ လေ့လာ ဖတ်ရှုကြရေးတို့ကို ဟော‌ပြောဆွေးနွေးခဲ့သည်။

ဆက်လက်၍ ကျောင်းသားကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို စိတ်ကြိုက် ရွေးချယ်ဖတ်ရှုကာ စာဖတ်စွမ်းရည် ယှဉ်ပြိုင်ခြင်း၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆို ယှဉ်ပြိုင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူကျောင်းသားများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများ အသိပညာ တိုးပွားရေး စာအုပ်စာပေများနှင့်၊ စာဖတ်ရှိန် မြှင့်တင်ရေး၊ မူးယစ်‌ဆေးဝါး အန္တရာယ် သတိပြုကာကွယ်ရေး စသည့် အသိပညာပေး နံရံကပ်စာစောင်များတို့ကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာ ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)