စစ်တွေ ဩဂုတ် ၂၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားရေးစီမံကိန်းအရပြုလုပ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက စစ်တွေမြို့၊ ကြွီတဲကျေးရွာအုပ်စု၊ ပိုက်ဆိပ်ကြီးကျေးရွာ၊ ကြွီတဲရွာမဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်က သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ဦးစီးဌာနမှူးက သင်တန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကာ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကုန်အညွှန်းအမှတ်တံဆိပ်ဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းသို့ သင်တန်းသား/သူ(၁၂)ဦး တက်ရောက်လျက်ရှိပြီး ယနေ့မှစ၍ ဩဂုတ်လ(၃၁)ရက်နေ့အထိ တစ်ပတ်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကာ သင်တန်းတွင် ဆပ်ပြာရည် အမျိုးမျိုးဖြစ်သည့် အဝတ်လျှော်၊ ပန်းကန်ဆေး၊ လက်ဆေး၊ ရေချိုး၊ ဘက်စုံသုံးတို့ကိုလည်းကောင်း၊ ဆပ်ပြာခဲ၊ ဆပ်ပြာခရင်(မ်)ထုတ်လုပ်မှုနှင့် ခေါင်းလျှော်ရည်အမျိုးမျိုးထုတ်လုပ်မှုတို့ကိုလည်းကောင်း စာတွေ့/ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်သည်။
၎င်းသင်တန်းပြီးနောက် မွမ်းမံလူသုံးကုန်ထုတ်လုပ်မှုသင်တန်းကို တစ်ပတ်ကြာထပ်မံသင်ကြားပေးသွားမည်ဖြစ်ကာ အခြေခံနှင့်မွမ်းမံသင်တန်းများပြီးဆုံးပါက လုပ်ငန်း ထူထောင်မည့်သူ (၅)ဦးအား ဌာနမှငွေကျပ်(၁၀)သိန်းနှင့် ညီမျှသော စက်ပစ္စည်းထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ပြည်နယ် (ပြန်/ဆက်)