တာချီလိတ် ဩဂုတ် ၂၅
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် မီးသတ်ဦးစီးဌာနမှကြီးမှူး ဖွင့်လှစ်သည့် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး အမှတ်စဉ် (၁/၂၀၂၃)သင်တန်း ဆင်းပွဲ ကို ယနေ့ နံနက် ၉ နာရီက ခရိုင် မီးသတ်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယခရိုင်ဦးစီးမှူး ဦးကျော်ကျော်နိုင်က သဘာဝဘေးအန္တရာယ်နှင့် အခြားရုတ်တရက် ဖြစ်ပွား သည့် ဘေးအန္တရာယ် ကျရောက်မှုများကို အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်စေရန်၊ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မား၍ ခေတ်မီအဆင့်မြင့် ရှာဖွေကယ်ဆယ် ရေးသုံး ပစ္စည်းကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာ စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းအသုံးပြုတတ်စေရန်နှင့် သင်တန်းတွင် သင်ကြားလေ့ကျင့်ပေးခဲ့သည့် သင်ခန်းစာများအား မေ့ပျောက်မပစ်ဘဲ ဘေးအန္တရာယ်များ ကြုံတွေ့လာပါက ရှာဖွေကယ်ဆယ်ရေး နည်းစနစ်များကို လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်စေရန် သင်တန်းဆင်း မိန့်ခွန်း ပြောကြားပြီး၊ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး (၁/၂၀၂၃) သင်တန်းကို တာချီလိတ်ခရိုင်အတွင်းရှိ၊ မြို့နယ်များမှ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅ ဦး၊ လူမှုရေး အသင်းအဖွဲ့ များမှ ၃၅ ဦး၊ ကြက်ခြေနီ တပ်ဖွဲ့ဝင် ၁၀ ဦး၊ စုစုပေါင်း သင်တန်းသား ၅၀ ဦးဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ (၁၂)ရက်ကြာ ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ နည်းပညာရပ်များ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)