သီပေါမြို့ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသဆောင်ရွက်

သီပေါ ဩဂုတ် ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီက အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက ကျောင်းသား၊ ကျောင်းသူ လူငယ်များ အနေဖြင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ အမှားအမှန်ဝေဖန် ပိုင်းခြားတတ်စေရန်၊ ပြင်ပဗဟုသုတများရရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဟောပြောပွဲပြုလုပ်ဆောင်ရွက် ပေးရခြင်းဖြစ်ကြောင်းနှင့် လူကုန်ကူးမှုနှင့် ပတ်သက်သော အကြောင်းအရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်လင်းလင်းထွန်းက စားသုံးသူများ၏အခွင့်အရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း အသီးသီး ဟောပြောခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာနှင့် လူကုန်ကူးမှုဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်များအား ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)