ဟိုပုံး ဩဂုတ် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိပြီး အသိပညာ ဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီခွဲ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးနှင့် မြို့နယ်ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ နောင်တောင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူးက ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ လူငယ်အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် ပတ်သက်သည်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇာခြည်ထွန်းက ကျောင်းသား၊ ကျောင်းသူများအား သဘာဝ ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသော ရေထု၊ လေထု၊ မြေထု အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယဉ်လဲ့လဲ့မွန်နှင့် ကျောင်းသား၊ ကျောင်းသူများက ရေထုညစ်ညမ်းမှုနှင့် ပတ်သက်သည့် ဉာဏ်စမ်းပဟေဠိ အမေး၊ အဖြေများ အပြန်အလှန်ပြု၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံးမှ ဝန်ထမ်းများက မူးယစ်ဆေးဝါး အန္တရာယ်၊ ပလတ်စတစ် အန္တရာယ်၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဗီနိုင်းပိုစတာများ ပြသပြီးနောက် သုတ၊ ရသစာအုပ်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)