တောင်ကုတ်မြို့၌ လူငယ်စကားဝိုင်း ကျင်းပ

တောင်ကုတ် ဩဂုတ် ၂၅

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ဩဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲ (၂)နာရီ အချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးထွန်းတင်နှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်စိန်တို့က အမှာစကားပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးမြင့်ရွှေက လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အထက်တန်းပြဆရာ ဦးဇော်မျိုးနိုင်က ဦးဆောင်၍ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်အနာဂတ်ပန်းတိုင် ခေါင်းစဉ်များဖြင့် ဆွေးနွေးကြရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက အဆိုပါခေါင်းစဉ်များနှင့်ပတ်သက်၍ မိမိတို့၏ အတွေးအမြင်များကို ပြန်လည်ဆွေးနွေးသည်။

အခမ်းအနားသို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၅၀၀)ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။      

မြို့နယ်ပြန်/ဆက်