နောင်ချိုမြို့နယ်တွင် အိုင်အိုဒင်းချို့တဲ့ ရောဂါပပျောက်ရေး ရက်သတ္တပတ်လှုပ်ရှားမှု အာဟာရ ချက်ပြုတ်သရုပ်ပြပွဲ အခမ်းအနား ပြုလုပ်ဆောင်ရွက်

နောင်ချို  ဩဂုတ် ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် World Vision တို့ ပူးပေါင်း၍ အိုင်အိုဒင်းချို့တဲ့ ရောဂါ ပပျောက်ရေး ရက်သတ္တပတ်လှုပ်ရှားမှု အာဟာရချက်ပြုတ်သရုပ်ပြပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန် ဒေါက်တာအောင်ကိုဝင်း အမှာစကား ပြောကြားခဲ့ပြီးနောက် ဆက်လက်၍ အသိပညာပေး ဟောပြောရာတွင် အစာအာဟာရ အုပ်စု(၃)အုပ်စုအကြောင်း၊ အိုင်အိုဒင်းချို့တဲ့မှု၏ အန္တရာယ်များဖြစ်သည့် လည်ပင်ကြီး ရောဂါ ဖြစ်ပွားခြင်း၊ သားပျက်သားလျောခြင်း၊ ကလေးအသေမွေးခြင်း၊ ပေါင်မပြည့် လမစေ့သည့် ကလေးမွေးခြင်း၊ ဉာဏ်ရည်နိမ့်သောကလေး၊ ဆွံ့အနားမကြားသောကလေး၊ ခန္ဓာကိုယ် မသန်စွမ်းသော ကလေးမွေးခြင်း အန္တရာယ်များ ဖြစ်ပွားနိုင်ကြောင်း ဟောပြောခဲ့ပြီးနောက် အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်နန်းဆိုင်စိန်က အိုင်အိုဒင်းသည် ဦးနှောက်ဖွံ့ဖြိုးမှု၊ ခန္ဓာကိုယ်ကြီးထွားမှု၊ ခန္ဓာကိုယ်အစိတ်အပိုင်း အသီးသီး၏ လုပ်ငန်းများပုံမှန် လုပ်ဆောင်မှုများအတွက် မရှိမဖြစ် လိုအပ်သော သတ္ထုအာဟာရဓာတ် တစ်မျိုးဖြစ်ကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့်လည်း မရှိမဖြစ်လိုအပ်သည့် သတ္ထုဓာတ်များစွာထဲမှ အိုင်အိုဒင်း သည် သန္ဓေသား ကျန်းမာဖွံ့ဖြိုးရာတွင်များစွာ အထောက်အကူ ဖြစ်ပါကြောင်း စသည်ဖြင့် ကိုယ်ဝန်ဆောင်မိခင်များအား အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ အိုင်အိုဒင်းဆား အသုံးပြု၍ အာဟာရချက်ပြုတ် သရုပ်ပြသခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါ အိုင်အိုဒင်းချို့တဲ့ ရောဂါ ပပျောက်ရေး ရက်သတ္တပတ် လှုပ်ရှားမှု အာဟာရ ချက်ပြုတ်သရုပ်ပြပွဲသို့ ရပ်ကွက်နှင့် ကျေးရွာအတွင်းရှိ ကိုယ်ဝန်ဆောင် မိခင် (၇၀)ဦး တက်ရောက် ခဲ့ကြကြောင်း သိရသည်။

ထွေးငယ်(ပြန်/ဆက်)