မောင်တော ဩဂုတ် ၂၅
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ (၂၄) ကြိမ်မြောက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက အမှာစကားပြောကြားရာတွင် (၂၄)ကြိမ်မြောက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ကျောင်းသူများနှင့် ရပ်ကွက်/ကျေးရွာများရှိ ဝါသနာရှင်ပြည်သူများ ပါဝင်ယှဉ်ပြိုင်နိုင်ရေးဆောက်ရွက်ကြရန်နှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ခရိုင်အဆင့်ဖြစ်သဖြင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းစီမံချက်များ၊ ပြည်နယ်အဆင့် ပြိုင်ပွဲများတွင် အရည်အသွေးပြည့်မှီစွာဖြင့် ခရိုင်ကိုယ်စားပြုယှဉ်ပြိုင်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ပံ့ပိုးဆောင်ရွက်ရမည့်ဖြစ်ပြီး ပြိုင်ပွဲနှင့်ပတ်သက်၍ လိုအပ်သည့်အခက်အခဲများကို ကူညီဆောင်ရွက် ပေးမည်ဖြစ်ကြောင်း စသည့်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မောင်တောမြို့နယ်နှင့် ဘူသီးတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက မိမိတို့မြို့နယ်များအလိုက် (၂၄) ကြိမ်မြောက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကော်မတီများဖွဲ့စည်းဆောင်ရွက်မည့် အခြေအနေများ၊ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင် စာရင်းပေးသွင်းထားမှု အခြေအနေများ၊ ယခင်နှစ်များတွင် ဆောင်ရွက်ခဲ့မှုနှင့် ယခုနှစ်တွင် ဆောင်ရွက်မည့်အခြေအနေများ ရှင်းလင်းပြောကြားခဲ့ကြပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆောင်ရွက်မည့်အစီအစဉ်များအား အသေးစိတ်ဆွေးနွေးတင်ပြခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့်အဖွဲ့ဝင်များ၊ မောင်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ ဘူးသီးတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်