မြင်းခြံ ဩဂုတ် ၂၅
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဏာရေးနှစ်အတွင်း ကျေးရွာ (၃) ရွာအား မြစိမ်းရောင် ကျေးရွာစီမံကိန်း အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်မတို့ ၂၀၂၃-၂၀၂၄ ဘဏ္ဏာရေးနှစ်မှာ မြင်းခြံခရိုင်အတွင်းမှာရှိတဲ့ တောင်သာမြို့နယ် ထန်းတောကျေးရွာနှင့် တလိုင်းရပ်(ရွာသစ်)ကျေးရွာ၊ နွားထိုးကြီးမြို့နယ် ပဒေါင်းကျေးရွာတို့မှာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအဖြစ် တစ်ရွာလျှင် ငွေကျပ်သိန်း (၃၀၀) စီ ထုတ်ချေးပေးသွားမှာပါ။ မြစိမ်းရောင်စီမံကိန်းကျေးရွာများအနေဖြင့် ချေးငွေများ ထုတ်ချေးရာမှ အတိုးရငွေသိန်း (၁၀၀) အထက်ရှိပါက အတိုးရငွေ (၅၀) ရာခိုင်နှုန်းကို ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ရေတွင်းတူးဖော်ခြင်း၊ ကျေးရွာတွင်း လမ်းခင်းခြင်းများကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ မလုပ်ဆောင်ဘဲ အတိုးများကို စုဆောင်းထားပါက နောင်နှစ်များတွင် ယခင်နှစ် ချေးငွေများထက် ပိုချေးနိုင်မည်ဖြစ်ပါတယ်” ဟု မြင်းခြံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယ်ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်မာက ပြောသည်။
မြင်းခြံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအား ၂၀၁၄-၂၀၁၅ ဘဏ္ဏာရေးနှစ်မှ စတင်လုပ်ဆောင်ခဲ့ကာ ၂၀၂၂-၂၀၂၃ ဘဏ္ဏာရေးနှစ်အထိ (၁၂၅) ယူနစ်၊ ကျေးရွာ (၁၃၇) ရွာအား အကောင်အထည်ဖော် ဆောင်ရွက်ပြီးခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)