ဝမ်းတွင်းမြို့နယ်၌ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ် ဆောင်ရွက်

ဝမ်းတွင်း သြဂုတ် ၂၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှု ရက်သတ္တပတ် ဆောင်ရွက်ခြင်းကို မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ပင်းတလဲကျေးရွာနှင့် ညောင်ပင်လှကျေးရွာတို့တွင်  ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။  

တိရစ္ဆာန်ရောဂါ  ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်ဆောင်ရွက်ခြင်းအနေဖြင့် ဝက်ဝမ်းကျရောဂါကာကွယ်ဆေး ထိုးနှံခြင်း၊ အာဖရိကအပြင်းဖျား ဝက်ရောဂါနှင့် ဝက်မွေးမြုရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ဝက်မွေးမြူမှု ဖွံ့ဖြိုးစေရေးအတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် ဝက်မျိုးကောင်းမျိုးသန့် ရွေးချယ်ခြင်း၊ ဝက်ခြံနေရာ ရွေးချယ်တည်ဆောက်ခြင်း၊ အစာကျွေးမှုစနစ်နှင့် ပြုစုစောင့်ရှောက်ခြင်း အစရှိသည့် မွေးမြူရေးနည်းပညာများ အသိပညာပေးခြင်းများကို လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမေဖြိုးချစ်နှင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ပြီး ဒေါက်တာ မေဖြိုးချစ်နှင့် အဖွဲ့သည် ဝက်မွေးမြူရေးခြံများတွင် ဇီဝလုံခြုံမှုရှိစေရန်နှင့် အလေ့ကျင့်ကောင်းများ ရရှိစေရန် ပိုးသတ်ဆေးဗူးများ ဖြန့်ဝေပေးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

မြို့နယ် (ပြန်/ဆက်)