မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းမှ အိုင့်-သနပ်အိုင့်လမ်းကတ္တရာခင်းခြင်းလုပ်ငန်းနှင့် ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

မိတ္ထီလာ သြဂုတ် ၂၅

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် မိတ္ထီလာ - ကျောက်ပန်းတောင်းလမ်းမှ အိုင့်-သနပ်အိုင့်လမ်းအား ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန သိရသည်။

မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများသွားလာရာတွင် အဆင်ပြေ စေရန် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ တံတားတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ကျေးရွာ (၄)ရွာမှ ဒေသခံပြည်သူများ ဖြတ်သန်းသွားလာသည့် မိတ္ထီလာ- ကျောက်ပန်းတောင်းလမ်းမှ အိုင့်- သနပ်အိုင့်လမ်းရှည်(၁.၂၀၅) ကီလိုမီတာ ကတ္တရာခင်းခြင်းလုပ်ငန်းအား မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ၍ ကတ္တရာခင်းခြင်းလုပ်ငန်းအား ဇူလိုင်လမှ စတင်ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းအပြင် အဆိုပါလမ်းပေါ်တွင် အရှည် ပေ ၁၅၀ ရှိ ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တံတားတည်ဆောက်ရေး(ရုံးချုပ်)မှ တာဝန်ယူ၍   ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါ လမ်းနှင့်တံတား အဆင်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက အိုင့်၊ သနပ်အိုင့်၊ ကျောက်တိုင်၊ ကမ္မကျေးရွာများမှ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ ရာသီမရွေး အဆင်ပြေချောမွေ့စွာ သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)