လားရှိုး ဩဂုတ် ၂၅
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီး ဌာနက ကြီးမှူးဖွင့်လှစ်သည့် စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်း (အမျိုးသား) အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က လားရှိုးမြို့ ပြန်လည်ထူထောင်ရေးစခန်းတွင် ကျင်းပသည်။
အခမ်းအနားတွင် လားရှိုးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ဆန်းက မူးယစ်ဆေးဝါးပြဿနာကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတော်က အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာဌာနများက အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်တွင် ကျရောက်နေသူများကို ပြန်လည်ထူထောင်ရေးစခန်းများတွင် သင်တန်းများဖွင့်လှစ်ပေးပြီး လူ့အသိုက်အဝန်းတွင် ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိနေပြီး သင်တန်းသားများအနေဖြင့်လည်း မူးယစ်ဆေးဝါး၏ဆိုးကျိုးများကို သင်ခန်းစာယူပြီး စခန်းမှသင်ကြားပို့ချလိုက်သော သက်မွေးပညာရပ်များကို အခြေခံ၍ မိမိတို့၏အနာဂတ်များကိုလှပအောင် ပြန်လည်တည်ဆောက်ဖန်တီးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသက်ထွန်း က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ဌာနမှအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ မူးယစ်ဆေးဖြတ်ကုသရေးသင်တန်းသို့ လားရှိုးမြို့နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးမြို့နယ်တို့မှ မူးယစ်ဆေးဝါးသုံးစွဲသူ (၂၀)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှ သုံးလကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)