သပိတ်ကျင်း ဩဂုတ် ၂၅
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ အသိပညာပေးနံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက ကျောင်းသားလူငယ်များ ဗဟုသုတများတိုးပွားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးပြုနိုင်ရန်၊ စိတ်ကူးဉာဏ်များရင့်သန်စေရန်နှင့် ပြောရဲဆိုရဲသည့် သတ္တိများရှိစေရန်၊ စာပေဖတ်ရှုလေ့လာမှု အားကောင်းလာစေရန်ရည်ရွယ်၍ ဟောပြောပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ဦးစီးအရာရှိက ပြန်လည်ဖြေကြားပေးခဲ့သည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်၊ သုတ၊ ရသစာအုပ်များနှင့် အခြားစိတ်ဝင်စားမည့် စာအုပ်များလည်း ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)