ကျိန္တလီ ဩဂုတ် ၂၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဩဂုတ် ၂၃ ရက်နေ့ ညနေပိုင်းက အ.ထ.က ကျိန္တလီကျောင်း ရွှေကိန္နရီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ အ.ထ.က ကျိန္တလီမှ ဆရာမ ဒေါ်ဖြိုးဝေမွန်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးက လူငယ်များ အသိပညာတိုးတက်လာစေရန်၊ စာပေအပေါ် လေးစားတန်ဖိုးထားတတ်လားစေရန်၊ စာပေအသိမှပရိတ်သတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိရှိလာစေရန်၊ လူ့ဘောင်အဖွဲ့အစည်းတွင် ရင်းနှီးချစ်ခင်စွာ ပြောဆိုတတ်လာစေရန် လူငယ်အချင်းချင်း အသိပညာအတတ်ပညာများ ဖလှယ်တတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး ယဉ်ကျေးမှုများရှိပြီး ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အမှားအမှန်ကို ခွဲခြားတတ်စေရန်နှင့် စဉ်းစားဆင်ခြင်ဉာဏ် မြင့်မားလာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက ဦးဆောင်သူအဖြစ်ပါဝင်ဆောင်ရွက်ပြီး Grade-10 မှ မောင်အောင်ဖြိုးသူက “မူးယစ်ဆေးဝါးဆိုသည်မှာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မပန်းဆုရတီလင်းက “မူးယစ်ဆေးသုံးစွဲရခြင်း၏ အကြောင်းအရင်းများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မဖြိုးအိမွန်က “မူးယစ်ဆေးသုံးစွဲခြင်း၏ ဆိုးကျိုးများ” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade-10 မှ မခင်အေးချိုက “မူးယစ်ဆေးသုံးစွဲသူတို့၏ သွင်ပြင်လက္ခဏာများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အသီးသီးဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/သူများက မိမိတို့သိရှိလိုသည်များကိုမေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
ဇော်လင်း