ကျောက်ဖြူမြို့၌ အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လူထုလှုပ်ရှားမှုအခမ်းအနားကျင်းပ

ကျောက်ဖြူ ဩဂုတ်၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြည်သူ့ဆေးရုံကြီးရှိ အစည်းအဝေးခန်းမ၌ အဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်၁၀နာရီအချိန်က ပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူ့ကျန်းမာရေးဌာနမှ ခရိုင်ဆရာဝန်ကြီးနှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံကျန်းမာရေးအသင်းမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နို့တိုက်မိခင်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်က အဖွင့်အမှာစကားပြောကြားရာတွင် အာဟာရဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့နှင့်ပူးပေါင်းကာ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုများကို ၂၀၀၃ ခုနှစ်၊ စက်တင်ဘာလအတွင်းဆောင်ရွက်ခဲ့ပြီး ၂၀၀၉ခုနှစ်တွင် “အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ”အဖြစ် သြဂုတ်လတစ်လလုံး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ကမ္ဘာ့မိခင်နို့ စနစ်တကျတိုက်ကျွေးရေးရက်သတ္တပတ်လုပ်ငန်းဆောင်ပုဒ်မှာ "Enabling breastfeeding making a difference for working parents" “လုပ်ငန်းခွင်ဝင်မိခင်တို့ နို့ချိုတိုက်ကျွေးနိုင်စေဖို့ ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်စို့" ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် ဦးတည်ချက်(၉)ရပ်ထဲက လူမှုရေးဦးတည်ချက်တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအား အရင်းအမြစ်များမွေးထုတ်နိုင်ရန် ဘက်စုံပညာရေးကဏ္ဍမြှင့်တင်ရေးပါဝင်သဖြင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်သော အနာဂတ်လူချွန်လူကောင်းများပေါ်ထွက်စေဖို့ အခြေခံကျပြီး အရေးပါသည့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို အခြေခံကျန်းမာရေးစောင့်ရှောက်မှုများနဲ့အတူ ပိုမိုခိုင်မာအောင် ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း တိုက်တွန်း ပြောကြားသည်။

ထို့နောက် ပြည်သူ့ကျန်းမာရေးဌာနမှ ခရိုင်ဆရာဝန်ကြီး ဒေါက်တာရဲလွင်မောင်က အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှုအခမ်းအနား ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ကျန်းမာရေး အသိပညာပေးပြောကြားပြီး မြန်မာနိုင်ငံကျန်းမာရေးအသင်းမှ ဒေါက်တာမေသဇင်ဦးက စီမံချက်လုပ်ငန်းများအကြောင်းအားရှင်းလင်းပြောကြားသည်။ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်ဆရာဝန်ကြီးနှင့်တာဝန်ရှိသူများက ကလေးငယ်များအား ဗီတာမင်အေဆေးလုံးများတိုက်ကျွေး၍ အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြပြီး အခမ်းအနားတက်ရောက်လာကြသူများ၊ နို့တိုက်မိခင်များနှင့်ကိုယ်ဝန်ဆောင်မိခင်များကို ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက အစညအုပ်စုသုံးအုပ်စုအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)