ဒဂုံအရှေ့ သြဂုတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အသက် ၅ နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ရှမ်းတဲကြီးကျေးရွာ၊ အမှတ်(၁၂၅)ရပ်ကွက်နှင့်၊ လေးထောင့်ကန်ကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ တီဘီမိုဘိုင်းအဖွဲ့များကွင်းဆင်းကာ အသက်၅နှစ်အောက်ကလေးငယ်များ ကိုယ်အလေးချိန် ပေါင်ချိန်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက်ပေးပြီးနောက် ကာကွယ်ဆေးများဖြစ်သော ဆုံဆို့၊ ကြက်ညှာချောင်းဆိုး၊ ဝက်သက်၊ ဂျိုက်သိုးမေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမှေးရောင်ရောဂါ၊ ပိုလီယိုစသည့်ရောဂါများမှ ကာကွယ်နိုင်သည့် ငါးမျိုးစပ်ကာကွယ်ဆေးများအား သက်မှတ်အကြိမ်ရေပြည့်မီစေရေးအတွက် ပုံမှန်ကာကွယ်ဆေးများထိုးနှံခဲ့ပြီးနောက် တီဘီမိုဘိုင်းအဖွဲ့မှလည်း တီဘီရောဂါနှင့်ပတ်သက်သောရောဂါများကို စမ်းသပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကလေးငယ်များအတွက် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် တီဘီရောဂါနှင့်ပတ်သက်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရန် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သက်ဆိုင်ရာအလိုက် ဝန်ထမ်းများနှင့်အတူ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက ဝိုင်းဝန်းကာပူးပေါင်းကြောင်း သိရသည်။
ဇွဲမင်းထက်(ပြန်/ဆက်)