ချောင်းဆုံ ဩဂုတ် ၂၅
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာများ၊ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်း တတ်စေရန်၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်း ကျောင်းပညာ လိုအပ်ချက်များကို ကူညီဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ယမန်နေ့ နံနက် (၉)နာရီအချိန်က ကညှော်ကျေးရွာခန်းမတွင် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် ဆန်းစစ် စီမံခြင်း အခမ်းအနားကို ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ ပြည်နယ်မှူးနှင့် တာဝန်ရှိသူများ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်တိုင်းရင်သားအခွင့်အရေးများ ကာကွယ်စောင့်ရှောက် ရေးဦးစီဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လေးလေးနွယ်က တိုင်းရင်းသားရေးရာဝန်ကြီးဌာနအကြောင်း သိကောင်းစရာနှင့် ဝန်ကြီးဌာန၏ လုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ဌေးမို့မို့က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေနှင့် ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ ပြည်နယ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်မမမျိုးက အခြေခံပညာ ကျောင်းများတွင် တိုင်းရင်းသားစာပေသင်ကြားသည့် ဆရာ/ဆရာမများ ခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးမောင်မောင်ဌေးက နိုင်ငံသားအခွင့်အရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ အမည်နာမ ဝိသေသ ရှေ့ဆောင်စကားလုံးများ ထည့်သွင်းခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာက အမျိုးသမီး/မသန်စွမ်း၊ ကလေးသူငယ် အခွင့်အရေး လူငယ်ရေးရာမူဝါဒများနှင့် လူမှုရေးပင်စင်ဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း ဆွေးနွေးဟောပြော ခဲ့သည်။
ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန တာဝန်ရှိသူများက ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် များကို စစ်တမ်းကောက်ယူခဲ့ရာ တက်ရောက်လာကြသည့် ဒေသခံ(၆၀)ဦးတို့မှ စစ်တမ်းမေးခွန်း(၂၈)ခုအား ဖြေဆိုခဲ့ပြီး မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်း သားရေးရာဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ချောင်ဆုံ(ပြန်/ဆက်)